အုတ်တွင်းမှာ အရိပ်ရပင်၂၀၀ ကျော်ကို ပရဟိတအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းစိုက်ပျိုး

အုတ်တွင်းမှာ အရိပ်ရပင်၂၀၀ ကျော်ကို ပရဟိတအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းစိုက်ပျိုး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဆီဆုံကုန်းကျေးရွာမှာ အရိပ်ရသစ်ပင် ၂၀၀ ကျော်ကို Save The Trees သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း၊ အုတ်တွင်းမြို့ချစ်သူများ ပရဟိတအသင်း နဲ့ ဒေသခံရွာသားတွေပူးပေါင်းပြီး စိုက်ပျိုးခဲ့တယ်လို့ Save The Trees အဖွဲ့ဆီက သိရပါတယ်။

ဆီဆုံကုန်းရွာ အတွင်း၊အပြင်မှာ ပိတောက်၊ခရေ၊ စိန်ပန်း၊ ပျဉ်းကတိုး၊ ကျွန်း၊ အင်ကြင်း၊ ယမနေ၊ မယ်ဇလီ၊ ပျဉ်းမ စတဲ့ အရိပ်ရအပင်ပေါင်း ၂၀၀ ကျော်ကို ဇွန်လ ၂၅ ရက် ဒီမနက် ၈ နာရီခန့်မှာ အသင်းအဖွဲ့ဝင်နဲ့ ရွာသား ၄၀ ကျော်က စိုက်ပျိုးပေးခဲ့တာလို့ ဆိုပါတယ်။
 
 
"သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းဖို့အတွက် ပြည်သူတွေ သစ်တောသစ်ပင်ကို တန်ဖိုးထားစေချင်တယ်။ ကျေးရွာစိမ်းလန်းစိုပြေဖို့ကိုလည်း တစိတ်တပိုင်းအထောက်ကူဖြစ်အောင်စိုက်ပျိုးဖြစ်တာပါ။ နောက်ထပ်လည်း သစ်ပင်တွေ ထပ်မံလှူဒါန်းစိုက်ပျိုးသွားမှာပါ" လို့ Save The Trees အဖွဲ့မှ ကိုကျော်သူရ က ပြောပါတယ်။

စိုက်ပျိုးထားတဲ့သစ်ပင်တွေကို ဒေသခံရွာသူရွာသားတွေက ထိန်းသိမ်းစောင့်ရှောက်မှာဖြစ်ပြီး၊ အုတ်တွင်းမြို့နယ်အတွင်း တခြားကျေးရွာတွေမှာလည်း တပတ်တကြိမ် ဆက်လက်စိုက်ပျိုးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
 
Save The Trees သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသင်းအနေနဲ့ ၂၀၁၉ ခုနှစ်ကစတင်ကာ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ သစ်ပင်စိုက်ပျိုးနေတာဖြစ်ပြီး၊ Save The Trees Rescue Team အမည်နဲ့ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းကိုလည်းလုပ်ကိုင်နေတဲ့အဖွဲ့တခု ဖြစ်တယ်လို့သိရပါတယ်။
 
စာတည်း- ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10