အုတ်ဖိုက စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ခုကို PDF ဝင်တိုက်၊ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်ကောင်စီရဲ့အဆောင် မီးရှို့ခံရ

အုတ်ဖိုက စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ခုကို PDF ဝင်တိုက်၊ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်ကောင်စီရဲ့အဆောင် မီးရှို့ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ၂ ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ မင်းလှဆည် ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်သား ၃၀ ဦးလောက်နဲ့ တာဝါတိုင်ရွာစခန်းက စစ်သား ၂၀ ဦးလောက်ကို ဖေဖေါ်ဝါရီ ၁၁ ရက် မနက် ၇ နာရီလောက်က ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း၊ တပ်ခွဲ ၂ က ဧရာညီနောင်စစ်ကြောင်းနဲ့ သာယာဝတီခရိုင်းတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တို့ ပေါင်းကာ တပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရှင်းလင်းဆောင်ကို တိုက်ခိုက်စဉ်မှာ ပန်းတောင်းမြို့နယ်ဆင်တဲရွာ ကပစ ၃ (အမှတ် ၃ ကာကွယ်ရေး ပစ္စည်းစက်ရုံ) က အသက် ၅၀ နှစ်ဝန်းကျင် ဒုတပ်ကြပ်ဇင်အောင်ကို MA 3 သေနတ် ၁ လက်နဲ့အတူ ပြင်းထန်ဒဏ်ရာနဲ့ ဖမ်းမိပြီး အဲ့ဒီတိုက်ပွဲမှာပဲ ဧရာညီနောင်စစ်ကြောင်းက ရဲဘော်တောင်တန်း သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိတဲ့ ဒုတပ်ကြပ်ကတော့ ဖေဖေါ်ဝါရီ ၁၂ ရက် ဒီမနက် ၆ နာရီမှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး သူ့ကိုသင်္ဂြိုဟ်ပေးလိုက်ပြီလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ခံ ရဲ‌ဘော်ရိုးမမြေက ပြောပါတယ်။

ဒါ့အပြင် ရှင်းလင်းဆောင်ကိုတိုက်ခိုက်ချိန် စစ်သား ၁၂ ဦးသေပြီး အဆောင်ကိုမီးရှို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ တာဝါတိုင်စခန်းကို တိုက်ခိုက်ချိန်မှာလည်း စစ်သား ၃ ဦးသေဆုံးကာ အလောင်းတွေကိုတော့ အေးမြသာယာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်သားတွေဟာ ၎င်းတို့နေထိုင်ရာ စခန်းတွေကနေ ထွက်ပြေးသွားခဲ့ပေမယ့် ဒီမနက်သိရှိရတဲ့သတင်းအရ ကာကွယ်ရေးတပ်တွေတိုက်ခိုက်ခဲ့တဲ့ ၂ နေရာစလုံးမှာ စစ်ကောင်စီဘက်က အင်အား  ၈၀ ဦးလောက်နဲ့ ထပ်ပြီးတပ်စွဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ည ၉ နာရီခွဲလောက်ကလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ က ရဲဘော်တွေဟာ မင်းလှမြို့နယ်၊ ပဲခူးရိုးမခြေရင်းက စမ်းဘုတ်ရွာကိုလာတဲ့ စစ်သား  ၂၀ ဦးကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - ရဲဘော်တောင်တန်း အလောင်း နှင့် စစ်ကောင်စီ၏အဆောင် မီးရှို့ခံနေရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #PDF #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10