အုတ်ဖိုက စစ်ကောင်စီဂိတ်ကို PDF ဝင်တိုက်၊ နှစ်ဘက်ထိခိုက်မှုတွေရှိ

အုတ်ဖိုက စစ်ကောင်စီဂိတ်ကို PDF ဝင်တိုက်၊ နှစ်ဘက်ထိခိုက်မှုတွေရှိ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာက စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရသူတွေရှိသလို PDF တွေဘက်ကလည်း ဒဏ်ရာရသူတွေရှိတယ်လို့  တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာနဲ့ ကြယ်နီကုန်းရွာကြားက အင်အား ၃၀ ဦး ကျော်ရှိတဲ့ ဘိုရုံစုရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၂၇ ရက် မနက် ၄ နာရီခွဲကျော်က မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ ဘီလူးစစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား လက်နက်ကြီးငယ်နဲ့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်တယ်လို့ ဆိုပါတယ်။

”ကင်းက ၂ ကောင်ကိုတော့ အနီးကပ်ဆော်ရတာ။ ကျနော်တို့နဲ့  အပြန်လှန်ပစ်နေရင်း စစ်**တွေက ပြည်သူ့ အိမ်တွေထဲ ဝင်ပြေးကြတာ။ ဂိတ်ကို မီးရှို့ဖို့ကျတော့ ပြည်သူ့အိမ်တွေနဲ့ နီးလို့ မီးမရှို့ခဲ့ရဘူး“ လို့ မြေအောက် ပြောက်ကျားတာဝန်ခံ ရဲဘော်ဒေဝက ပြောပါတယ်။ 

တိုက်ခိုက်နေချိန် တိမ်မြုပ်ကျေးရွာအနီးရှိ ခမရ ၆ တပ်ရင်းမှ လက်နက်ကြီးနဲ့ပစ်ကူသလို စစ်ကား ၂ စီးခန့်နဲ့ စစ်ကူရောက်လာလို့ PDF ရဲဘော်တွေ စခန်းမသိမ်းနိုင်ဘဲ အန္တရာယ်ကင်းစွာ ဆုတ်ခွာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီး ထန်းပင်ကုန်းရွာ အနောက်ဘက် ဘုန်းကြီးကျောင်းရှိ သိမ်အဆောက်အအုံနဲ့ ဆွမ်းစားဆောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပေးပို့တဲ့ ရုပ်သံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ ဘိုရုံစုရွာဂိတ်စခန်းထဲထိ ဝင်‌ရောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး မနေ့ညကတော့ စစ်ကောင်စီတပ်က ပဲခူးရိုးမဘက်ကနေ လက်နက်ကြီးနဲ့ ၁၅ ချက်ထက် မနည်းပစ်ခတ်ခဲ့ပြီး မတ်လ ၂၈ ရက် ဒီမနက်မှာလည်း စစ်ကောင်စီတပ်က အင်အား ၇၀ ဦးခန့်နဲ့  ဘိုရုံစုလမ်းဆုံ ကနေ လမ်းတွေ ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှု့အတွင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တဲ့  ၇၉ မမ ၂ လုံးနဲ့  ၄၀ မမ ဗုံးသီး ၄ လုံး ဘန်ကာအတွင်း ကျရောက်ခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေကာ ၆ ဦး ဒဏ်ရာရပြီး  မြေအောက်ပျောက်ကျားတပ်ဖွဲ့ဘက်က ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၃ ရက် ညနေ သုံးနာရီခွဲလောက်ကလည်း အုတ်ဖိုမြို့နယ်၊ ရန်ကုန် - ပြည်လမ်း၊ ဂုံညှင်းတန်းကျေးရွာ Shine Cafe ဆိုင်မှာထိုင်နေတဲ့ စစ်အုပ်စုဝင်တွေကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီဂိတ်စခန်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အုတ်ဖို #စစ်ကောင်စီ #ဂိတ်စခန်း #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10