အုတ်ဖိုက ရဲနဲ့ ပျူစောထီးဆိုသူ ၂ ဦး ရှင်းလင်းခံရ

အုတ်ဖိုက ရဲနဲ့ ပျူစောထီးဆိုသူ ၂ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးဆိုသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ရဲတဦးနဲ့ ပျူစောထီးတဦးသေကာ ရဲတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ "Shine Cafe"ဆိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးဆိုသူတွေရှိနေချိန် မတ် ၃ ရက် မနေ့ညနေ ၃ နာရီခွဲကျော်လောက်က သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် အုတ်ဖိုမြု့နယ်ရဲတပ်ဖွဲ့က နယ်ထိန်းရဲတပ်သား မင်းသွေးနဲ့ ပျူစောထီးလို့ သတင်းထွက်နေတဲ့ ကိုသံချောင်းတို့ နေရာမှာ သေပြီး ရဲတပ်သားဖုန်းမြင့်‌အောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆိုင်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပျူ‌စောထီး ၂ ဦးရှိနေပြီး အချိန် ၁၀ မိနစ်ယူတိုက်ခိုက်ကာ တပ်ပြန်ဆုတ်ခဲ့ပြီး တိုက်ခိုက်တဲ့ ရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီးတွေ၊ ရဲတွေ၊ စစ်သားတွေနဲ့ လွတ်ကင်းအောင်နေဖို့နဲ့   စစ်ရေးအရှိန်မြင့်လာတာကြောင့် နေအိမ်တွေမှာလည်း လက်ခံတာတွေ မလုပ်ဖို့အပြင် မလိုအပ်ဘဲ သွားလာတာတွေ မလုပ်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံတယ်လို့ သူကဆက်ပြောပါတယ်။ 

အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ ပေးပို့တဲ့ ဓာတ်ပုံတွင် ရဲတပ်သားတဦးနဲ့ ပျူစောထီးဆိုသူ ဦး‌ခေါင်းဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကိုလည်း တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း အုတ်ဖိုမြို့နယ် မြောင်ကျေးရွာမှာ စစ်ကောင်စီက လုံခြုံရေးယူကာ အုပ်ချုပ်ရေးမှူး ကိုကျော်ကိုကို  ဦးဆောင်တဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်စီးနင်းရာက ကိုကျော်ကိုကိုနဲ့ စစ်သား ၁ ဦးအပါ ပျူစောထီး ၃ ဦးသေပြီး လက်လုပ်သေနတ် ၂ လက် လက်ပစ်ဗုံး ၂ လုံးနဲ့  စစ်ယူနီဖောင်း ၈ စုံအပြင် ငွေသားအချို့ သိမ်းဆည်းခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသည့် ရဲနှင့် ပျူစောထီးအလောင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်ဖိုမြို့ #ရဲတပ်ဖွဲ့ဝင် #ပျူစောထီး #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10