အုတ်ဖိုတွင် ဖားရိုက်သူ ၂ ဦးကို ရဲက ရိုက်နှက်ဖမ်းဆီးပြီး ကျပ်သိန်း ၂၀ တောင်း

အုတ်ဖိုတွင် ဖားရိုက်သူ ၂ ဦးကို ရဲက ရိုက်နှက်ဖမ်းဆီးပြီး ကျပ်သိန်း ၂၀ တောင်း

ပဲခူးတိုင်း၊ အနောက်ခြမ်းအုတ်ဖိုမြို့နယ်၊ ငါးရှည့်ရိုးအုပ်စုမှာ ညဘက်အချိန် ဖါးရိုက်၊ ငါးရှာ ထွက်လာသူ ၂ ဦးကို ရဲကဖမ်းဆီးရိုက်နှက်ပြီး အုပ်ချုပ်ရေးမှူးက အမှုကြေအေးဖို့အတွက် ငွေကျပ် သိန်း ၂၀တောင်းခံခဲ့တယ်လို့ ဒေသခံတဦးဆီက ဆိုပါတယ်။

 

အုတ်ဖိုမြို့နယ်၊ သရက်ကုန်းရွာက ကိုတင်လိူင်နဲ့ ကိုဇော်ထွန်းတို့ ၂ ဦးကို အုတ်ဖိုမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အာကာလင်းနိုင်နဲ့အဖွဲ့က မတ်လ ၁၈ ရက် ညကဖမ်းဆီးရိုက်နှက်ပြီး ငါးရှည့်ရိုးကျေးရွာအုပ်ချုပ်ရေးမှူး ကိုနိုင်ဦးက အမှုပြေလည်ဖို့အတွက်ဆိုကာ ငွေတောင်းခံခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ဘာကြောင့်ဖမ်းခဲ့တယ်ဆိုတာကို အတိအကျမသိဘူးလို့ သရက်ကုန်းရွာခံတဦးက ဆိုပါတယ်။

"သူတို့နှစ်ဦးကို ရဲကရိုက်နှက်ပြီး အုပ်ကြီးအိမ်ကိုခေါ်သွားတာ။ အုပ်ကြီးကိုနိုင်ဦးက သူညှိပေးမယ်၊ စစ်ကောင်စီဗိုလ်မှူးအတွက် ၅ သိန်း ကျန်တဲ့အဖွဲ့အစည်းတွေလည်းပေးရမှာဖြစ်လို့ သိန်း ၂၀ တောင်းတယ်။ တောင်းတောင်းပန်ပန်နဲ့ အဲဒီည အုပ်ကြီးကို ၄ သိန်းပေးလိုက်ရတယ်။ နောက်နေ့ (မတ်လ ၁၉ ရက်)မနက်မှာ အုပ်ကြီးနိုင်ဦးက ၆ သိန်းထပ်တောင်းလို့ပေးရတယ်။ ကိုဇော်ထွန်းဆီက ငွေမတောင်းဘူး။ ကိုတင်လိူင်ကတော့ ရိုက်ထားတဲ့ဒဏ်နဲ့ လက် ၂ ဘက်ကျိုးလို့ အုတ်ဖိုဆေးရုံတက်လိုက်ရသေးတယ်" လို့ဒေသခံတဦးကပြောပါတယ်။

အဲဒီကိစ္စပတ်သက်ပြီး ဧပြီလ ၅ ရက်နေ့မှာ မြို့နယ်စစ်ကောင်စီဥက္ကဌဗိုလ်မှူးမျိုးမင်းဦးက ကိုတင်လိူင်၊ ကိုဇော်ထွန်း၊ နနွင်းကုန်းအုပ်ချုပ်ရေးမှူးကိုညွှန့်ဝင်းနဲ့ ကိုနိုင်ဦးတို့ကိုခေါ်ယူစစ်ဆေးပေမယ့် ဖြေရှင်းဆောင်ရွက်ပေးတာ ဘာမှမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ကိုတင်လိူင်နဲ့ကိုဇော်ထွန်းတို့ ၂ ဦးမှာ ထပ်မံဖမ်းဆီးရိုက်နှက်မှာကို စိုးရိမ်တဲ့အတွက် ကျေးရွာမှာ မနေရဲတော့ဘဲ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၈ ရက် ည ၈ နာရီခွဲလောက်ကလည်း အုတ်ဖိုမြို့နယ်၊ သစ်ဆိမ့်ကုန်းရွာထိပ် စာသင်ကျောင်းအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက်ကို ရဲတွေက ဖမ်းဆီးငွေတောင်းပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပဲခူးတိုင်အနောက်ခြမ်းက အုတ်ဖိုမြို့နယ်၊ နတ်တလင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နဲ့ ပေါက်ခေါက်မြို့နယ်တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။

စာတည်း-လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10