အုတ်ဖိုမြို့နယ်က ရဲကင်းတိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

အုတ်ဖိုမြို့နယ်က ရဲကင်းတိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲကင်းကို ဧပြီလ ၁၆ ရက် မနေ့ညပိုင်းမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်သားနဲ့ရဲ ပူးပေါင်းအင်အား၂၀ လောက်ရှိတဲ့ ရဲကင်းစခန်းကို မနေ့က ည ၉ နာရီခွဲလောက်မှာ ၆၀မမ ၅ လုံး၊ ၄၀မမ ၇ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။


"အလစ်အငိုက်ဝင်တာ။ ကျနော်တို့ဘက်က စခန်းထဲကိုလက်နက်ကြီး ၁၂ လုံး ပစ်ထည့်တာမှာ ၉ လုံးကစခန်းထဲကိုကျတယ်။ ၃ လုံးကလွဲသွားတယ်၊ ခရိုင်ကသာ မောင်းပြန်ချပေးနိုင်ရင် စခန်းကိုသိမ်းနိုင်တယ်” လို့ ဆိုပါတယ်။

ရဲစခန်းထဲကနေ စစ်အုပ်စုက PDF ပူးပေါင်းအဖွဲ့ကို လက်နက်ကြီး လက်နက်ငယ်နဲ့ ပြန်ပစ်ခတ်တဲ့အတွက် ရဲဘော် ၂ ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြတယ်လို့ ပြောပါတယ်။

PDFပူးပေါင်းအဖွဲ့တွေက ရဲစခန်းထဲကိုပစ်ခတ်လို့ ရဲကင်းဘန်ကာ၊ အချုပ်ခန်းဟောင်းနဲ့ စခန်းထဲက ဓမ္မာရုံလည်းပြိုကျခဲ့ပြီး သေဆုံးတဲ့ ရဲ ၂ ဦးကိုတော့ ရဲစခန်းအတွင်းမှာပဲ ဒီနေ့နေ့လယ်မှာ မြုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းနိုင်သည်အထိ အသာစီးတိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အင်အား ၄၀ လောက်နဲ့ စစ်ကူရောက်လာလို့ လက်နက်ခဲယမ်း လိုအပ်ချက်အရ ပြန် ဆုတ်ခွာလာခဲ့ကြရတာပါ။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁နဲ့ YOMA(GBK) ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက နွေဦးပိတောက် စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက် ည ၁၀ နာရီလောက်ကလည်း အုတ်ဖိုမြေအောက် ပြောက်ကျားတပ်ဖွဲ့ဟာ အုတ်ဖိုမြို့မရဲစခန်းကို ၄၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10