အုတ်ဖိုမြို့နယ် ကျေးရွာ ၄ ရွာက ဒေသခံတွေကို စစ်တပ်နှင်ထုတ်လို့ ဒေသခံတွေထွက်ပြေးနေရ

အုတ်ဖိုမြို့နယ် ကျေးရွာ ၄ ရွာက ဒေသခံတွေကို စစ်တပ်နှင်ထုတ်လို့ ဒေသခံတွေထွက်ပြေးနေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမတောင်ခြေက ကျေးရွာ ၄ ရွာရှိ ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက ရွာကထွက်သွားကြဖို့ ပြောဆိုတာကြောင့် ရွာသားတွေဟာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

အုတ်ဖိုမြို့နယ်က ဆယ်ရွာ၊ ဆင်တဲကုန်း၊ ရွှေကြာအင်းနဲ့ နွယ်ခွေရွာတွေက ဒေသခံပြည်သူ ၃၀၀ ဦးလောက်ကို ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၈ ရက် မနေ့နေလယ် ၁၂ နာရီ နောက်ဆုံးထား ထွက်ပေးဖို့ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

“စစ်တပ်က ရွာကိုလာပြီး ရွာမှာ မနေဖို့ မောင်းထုတ်တာပါ။ သူတို့ မနေခိုင်းတော့လည်း ကြံဖန်လုပ်ကိုင် စားသောက်ရမှာပေါ့။ ရိတ်သိမ်းကာနီး မတ်ပဲခင်းတွေတော့ ထားခဲ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

အထက်ပါကျေးရွာ ၄ ရွာက ရွာခံတွေက ရွာကနေ အကုန်ထွက်ပြေးနေကြပြီး လက်ရှိမှာ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေရှိရာနဲ့ တခြားမြို့နယ်တွေမှာ သွားနေကြသလို အုတ်ဖိုမြို့ပေါ်ကို ရွှေ့ပြောင်းနေထိုင်ကြသူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။ 

အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုကျော်ကြီးကတော့ အခုလို ဒေသခံပြည်သူတွေကို ကျေးရွာတွေကနေ ထွက်ခိုင်းတာဟာ အဲ့ဒီရွာတွေကို စစ်ရေးအရ အပြင်စည်းအနေနဲ့ သတ်မှတ်အသုံး ပြုဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ 

"ရိက္ခာဖြတ်ဖို့အတွက် တော်လှန်ရေးသမားနဲ့ ပြည်သူကိုခွဲခြားဖို့ ခက်နေတာကြောင့်ရယ်၊ စစ်**တွေ ဘက်က စစ်ရေးအရ အပြင်စည်းအနေနဲ့ သတ်မှတ်အသုံးပြုဖို့တို့ကြောင့် ရွာမှာနေတဲ့ ပြည်သူတွေကို ဖယ်ခိုင်းတာလို့ ယူဆတယ်"လို့ ပြောပါတယ်။

အဲ့ဒီရွာဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက ယာယီအထိုင်ကင်းချထားပြီး အင်အားကိုတော့ တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။

အုတ်ဖိုမြို့နယ်အတွင်းမှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့မှုတွေရှိပြီး ဇန်နဝါရီ ၁၆ ရက်ကလည်း ပဲခူးရိုးမတောင်ခြေက ဂမုန်းဆည်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေက ပျဉ်းမခေါင်အုပ်စုအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ကျေးရွာသား ၁ ထောင်ကျော်ကို ရွာကနေ ထွက်သွားခိုင်းတာကြောင့် ဒေသခံတွေဟာ နတ်တလင်းမြို့ပေါ်နဲ့ ပေါင်းတည်မြို့နယ်အပါအဝင် နေရာဒေသအသီးသီးကို ပြောင်းရွှေ့ခဲ့ရပါသေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂ ရက်ကစတင်ကာ စစ်အုပ်ချုပ်ရေးကြေညာထားတာလည်းဖြစ်ပါတယ်။

ပုံစာ - ဒေသခံများ ယာယီနေထိုင်သည့်နေရာနှင့် တဲများ။

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #အုတ်ဖို #နတ်တလင်း #စစ်ကောင်စီ #ဒေသခံ #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10