အုတ်ဖိုမှာ တပ်သတင်းပေးပျူစောထီးလို့ သတင်းကြီးသူအမျိုးသား ဓားထိုးခံရပြီးသေဆုံး

အုတ်ဖိုမှာ တပ်သတင်းပေးပျူစောထီးလို့ သတင်းကြီးသူအမျိုးသား ဓားထိုးခံရပြီးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပျူစောထီးလို့သတင်းကြီးသူတဦးကို ဓါးနဲ့ထိုးပြီးရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon (GBK-PDF)က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ ဝိုင်းကျေးရွာရဲကင်းစခန်းအနီးမှာနေထိုင်တဲ့ အသက် ၅၀နှစ်ဝန်းကျင်ရှိ ကိုသန်းဇော်ဦးဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီလောက်က တံငါကုန်းရွာအနီးမှာ တဦးတည်းရှိနေစဉ် ထိုးသတ်ခဲ့တာလို့ဆိုပါတယ်။

“ခွေးတွေနဲ့ နီးတော့ သေနတ်နဲ့မပစ်ဘဲ ဓါးနဲ့တချက်ထဲထိုးလိုက်တာ ပွဲချင်းပြီးသေတယ်။ အလောင်းကို သူ့မိသားစုဝင်တွေပဲ လာကောက်သွားတယ် “ လို့ Black Dragon (GBK-PDF)  ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကိုသန်းဇော်ဦးဟာ ဆန္ဒပြချိန်ကာလကတည်းက ကျေးရွာက တက်ကြွလူပ်ရှားသူတွေရဲ့သတင်းကို စစ်ကောင်စီလက်အောက်ခံ ရဲတွေကို အမြဲပေးသူလို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ကိုသန်းဇော်ဦးဟာ  စစ်ကောင်စီအမာခံထောက်တိုင်တဦးဖြစ်ကာ တော်လှန်ရေးရဲဘော်တွေရဲ့လှုပ်ရှားမှုတွေနဲ့ PDFစခန်းတည်နေရာတွေကို စုံ စမ်းသတင်းပေးတာ၊ ဒေသခံပြည်သူတွေကို  အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခိုင်းပြီး ဒုက္ခမျိုးစုံပေးတာတွေလည်းပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာလည်း ပဲခူးအနောက်ခြမ်း မိုးညို၊ မင်းလှနဲ့ပေါင်းတည်မြို့တွေက အုပ်ချုပ်ရေးမှူးအပါအဝင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ၃ ဦး အသတ်ခံခဲ့ရလို့ ကိုသန်းဇော်ဦးဟာ သီတင်းပတ်တခုအတွင်း ၄ ဦးမြောက်အသတ်ခံရသူလည်း ဖြစ်ပါတယ်။

ပုံစာ - သေဆုံးသူ ကိုသန်းဇော်ဦး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #အုတ်ဖို #တပ်သတင်းပေး #ရှင်းလင်းခံရ #GBKPDF #သာယာဝတီခရိုင်တပ်ရင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10