အုတ်ဖိုမှာဖမ်းဆီးခံရတဲ့ သူနာပြုဆရာမ ပစ်သတ်ခံရတယ်လို့ သတင်းထွက်ပေါ်

အုတ်ဖိုမှာဖမ်းဆီးခံရတဲ့ သူနာပြုဆရာမ ပစ်သတ်ခံရတယ်လို့ သတင်းထွက်ပေါ်

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်အရှေ့ဘက် တိမ်ညွှန့်ကျေးရွာအုပ်စုထဲမှာ ဇန်နဝါရီလ ၂၉ ရက်ညကဖမ်းဆီးခံရတဲ့သူနာပြုဆရာမကို စစ်တပ်ကပစ်သတ်လိုက်ပြီဆိုကာ သတင်းတွေထွက်ပေါ်နေပါတယ်။
 
အသက် ၂၈ အရွယ်ရှိ မမေဇွန်မိုးဆိုသူဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၆ ရက်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအထက်အနီးမှာ စစ်တပ်ကသေနတ်နဲ့ပစ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
 
"အဖမ်းခံရပြီးကတည်းက စအဖနဲ့ထွေအုပ်ရုံးမှာ စစ်ကြောရေးလုပ်တယ်လို့ သိရတယ်။ သူ့ကိုထန်းပင်ကုန်းအရှေ့ဘက်တောစပ်မှာ မျက်နာကိုအဝတ်အုပ်ခေါ်လာပြီး ပြေးခိုင်းတယ်၊ နောက်ကသေနတ်နဲ့ပစ်တာ ၃ ချက်ထိသွားပြီးနေရာမှာတင်သေတယ်" လို့ ပြောပါတယ်။
 
မမေဇွန်မိုးဟာဇန်နဝါရီလ ၂၉ ရက်က သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း −၂ တပ်ခွဲ ၅ အနီးကနေ ကျန်းမာရေးကုသပေးပြီးအပြန်မှာ လိုက်ပို့ပေးတဲ့ PDF ရဲဘော် ၂ ဦးကို တိမ်ညွှန့်အုပ်စုထဲက ခမရ ၆ စစ်ဆေးရေးဂိတ်က ပစ်သတ်အပြီးပုန်းအောင်းနေချိန်ဖမ်းဆီးခံလိုက်ရတာလို့ တပ်ခွဲ ၅ ရဲ့တာဝန်ရှိသူက ပြောပါတယ်။
 
"ဆရာမလေးက PDF မဟုတ်ဘူး။ ကျနော်တို့က ကျန်းမာရေးကိစ္စအတွက်သူ့ကိုခေါ်တာ၊ ၃ ရက်ပဲကြာတယ်၊ ကုသပြီးလို့ပြန်ပို့တာမှာကျနော့်ရဲဘော် ၂ ဦးပစ်သတ်ခံရပြီးညရောက်တော့မှ သူကဖမ်းခံရတာ၊ သူ့ကိုသတ်ပစ်လိမ့်မယ်လို့တော့ကျနော်မထင်ဘူး။ အရပ်ထဲက ပြောသလိုသူ့ကိုပစ်သတ်တယ်လို့ပြောချိန်မှာ ကျနော်တို့ အဲဒီအနားဝန်းကျင်မှာရှိတယ်။ ဘာသေနတ်သံမှမကြားရဘူး"လို့ ပြောပါတယ်။
 
ဆရာမကိုဆေးကုသဖို့ စခန်းအနီးခေါ်ယူချိန်နဲ့ပြန်ပို့ချိန် လမ်းတလျောက်မျက်နာကို အဝတ်အုပ်ကာ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
 
ဆရာမမေဇွန်မိုးကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့လယ် ၁ နာရီလောက်က ထန်းတပင်ရွာအထက်ပိုင်းကို အုတ်ဖိုစရဖရုံးကနေ စစ်သား ၈ ဦး အိမ်စီးကား ၂ စီးနဲ့ခေါ်လာပြီး နေ့လယ် ၂ နာရီလောက်မှာ သူနဲ့အတူပြန်သွားတာဖြစ်ပြီး အဲဒီအချိန်အတွင်းသေနတ်ပစ်သံ မကြားရဘူးလို့ ဆိုပါတယ်။
 
ဆရာမ မမေဇွန်မိုး ပြန်ပို့ချိန်ပစ်ခတ်ခံရတဲ့ ရဲဘော် ၂ ဦးဟာ အသက် ၃၀ နှစ်အရွယ်ရဲဘော်သိန်းဌက်နဲ့အသက် ၂၀ နှစ်ကျော်အရွယ်ရဲဘော်သေမင်းတမန်တို့ ဖြစ်တယ်လို့ဆိုပါတယ်။
 
အုတ်ဖိုမြို့နယ်ဟာ ပဲခူတိုင်းအတွင်းမာရှယ်လောကြေညာထားခံရတဲ့ မြို့နယ်တမြို့နယ်ဖြစ်သလို ပဲခူးရိုးမအတွင်း စစ်ကောင်စီနဲ့မကြုခဏထိတွေ့တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10