အုတ်ဖိုမှာ စစ်တပ်ကြဲတဲ့ဗုံးသီးစထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါ ၂ ဦးဒဏ်ရာရ

အုတ်ဖိုမှာ စစ်တပ်ကြဲတဲ့ဗုံးသီးစထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီကတိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ်ကလေး ၁ ဦးအပါ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ခံဗိုလ်မိုးကြိုးလေးက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ရွာက အသက် ၃၀ နှစ်ကျော်အရွယ်အမျိုးသမီး ၁ ဦးနဲ့ တူဖြစ်သူ အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦးတို့ဖြစ်ပြီး ‌အောက်တိုဘာ ၁၄ ရက်က ချောင်းစောက်ရွာအနီးမှာပဲ ဗုံးစထိမှန်ခဲ့ကြတာလို့ ဆိုပါတယ်။ 

" တူဝရီးနှစ်ယောက်က ရေချိုးသွားတာ၊ ဒရုန်းဝဲနေတာမြင်လို့ နောက်ကြောင်းပြန်ပြေးတဲ့အချိန်မှာ ဒရုန်းကပစ်ချလိုက်တာ။ အမကြီးက လက်ကိုထိပြီး ကောင်လေးက ကျောကုန်းဘက်ကိုထိတာ" လို့ တာဝန်ခံဗိုလ်မိုးကြိုးလေးက ပြောပါတယ်။

ဗုံးစထိမှန်သူနှစ်ဦးကို Hero ပြောက်ကျားတပ်ဖွဲ့က တာဝန်ယူကုသပေးနေပြီး အမျိုးသမီးက ဒဏ်ရာသက်သာပေမယ့် ကလေးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက အုတ်ဖိုမြို့နယ်ထဲက ကိုင်းတောစု၊ ဝိုင်း၊ ပြည်တော်အေး၊ ရေတာ စတဲ့ကျေးရွာတွေမှာ အဖွဲ့ခွဲပြီး ကင်းပုန်းဝပ်နေကြကာ အဲ့ဒီအဖွဲ့တွေမှာလည်း ဒရုန်းတွေဆောင်ထားကြတယ်လို့ သိရကြောင်း ဗိုလ်မိုးကြိုးကဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့လယ် ၂ နာရီဝန်းကျင်လောက်ကတော့ စစ်ကောင်စီတပ်သား ၃၀ ဦးလောက်က ဝိုင်းကျေးရွာရဲစခန်းက ထွက်လာချိန် Hero ပြောက်ကျားတပ်ဖွဲ့က ဝိုင်းကျေးရွာ ရဲစခန်းအနီးကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်သားတွေက ဝိုင်း‌ကျေးရွာသား ၄၀ ဦး‌ဝန်းကျင်ကို ဖမ်းဆီးသွားခဲ့ပြီး အောက်တိုဘာ ၁၆ ရက် ဒီနေ့အထိပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။ 

ပုံစာ - ဗုံးစထိမှန်တဲ့အမျိုးသမီးနှင့် ကလေးငယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #ဒရုန်းဗုံးသီးချ #ဒေသခံဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10