အုတ်ဖိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက် သေဆုံးမှုရှိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး PDF ၁ ဦးသေဆုံးခဲ့သလို ဖမ်းမိတဲ့ စစ်သား ၁ ဦးလည်း ဆေးဝါးကုသနေစဉ် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ် မင်းလှဆည် ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်သား ၃၀ ခန့်နဲ့ တာဝါတိုင်ရွာက စစ်သား ၂၀ ခန့်ကို ဖေဖေါ်ဝါရီလ ၁၁ ရက် မနက် ၇ နာရီလောက်က ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၂ က ဧရာညီနောင်စစ်ကြောင်းနဲ့ သာယာဝတီခရိုင်းတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တို့ ပူးပေါင်းပြီး တပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။

 ရှင်းလင်းဆောင်ကို တိုက်ခိုက်စဉ် ပန်းတောင်းမြို့နယ်ဆင်တဲရွာ ကပစ - ၃ (အမှတ် ၃ ကာကွယ်ရေး ပစ္စည်းစက်ရုံ) က အသက် ၅၀ ဝန်းကျင် ဒုတပ်ကြပ်တဦးကို MA – 3 သေနတ်တလက်နဲ့ အတူ ပြင်းထန်ဒဏ်ရာနဲ့ အရှင်ဖမ်းမိပြီး  ဆေးကုသနေစဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၆ နာရီမှာ သေဆုံးသွားလို့ ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 အလားတူ အဲဒီတိုက်ပွဲမှာပဲ ဧရာညီနောင်စစ်ကြောင်းက ရဲဘော်တောင်တန်း သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

 ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ စခန်းချခဲ့တဲ့ အဆောင်ကိုတော့ မီးရှို့ဖျက်စီးခဲ့သလို တာဝါတိုင်စခန်းက စစ်သားတွေလည်း ထွက်ပြေးကြပေမယ့် နောက်တရက်မှာတော့အဲဒီ ၂ နေရာကို စစ်သား  ၈၀ ဦးလောက်နဲ့ တပ်ပြန်စွဲနေတယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်ည ၉ နာရီခွဲလောက်ကလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ က ရဲဘော်တွေဟာ မင်းလှမြို့နယ်၊ ပဲခူးရိုးမခြေရင်းက စမ်းဘုတ်ရွာကို လာတဲ့ စစ်သား  ၂၀ ဦးကျော်ကိုလည်း စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်ဖိုမြို့နယ် #ပဲခူးရိုးမ #မင်းလှဆည် #တိုက်ပွဲဖြစ်ပွား #ပကဖ #စစ်ကောင်စီ #ပြည်ခရိုင် #သာယာဝတီခရိုင် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10