အုတ်ဖိုမှာ ပျူစောထီးခေါင်းဆောင်လို့ဆိုသူ သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခံရ

အုတ်ဖိုမှာ ပျူစောထီးခေါင်းဆောင်လို့ဆိုသူ သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်မှာ ဩဂုတ် ၁၈ ရက် မနေ့က ပျူစောထီးခေါင်းဆောင်လို့သတင်းကြီးသူ ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့ တာဝန်ခံဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်၊ ဝိုင်းရဲစခန်းအနီးက နေအိမ်တအိမ်မှာ ဦးငသောင်းလေး(၅၀ နှစ်ခန့်) ကို မနေ့မနက် ၁၁ နာရီလောက်က သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ သူ့ကိုရှင်းလင်းရတဲ့ အဓိကအကြောင်းက သူကနယ်မြေခံ PDF တွေရဲ့ သတင်းကိုစစ်ကောင်စီကိုပေးနေတာပဲ။ ပျူစောထီးခေါင်းဆောင်လည်းဖြစ်တယ် ရဲစခန်းထဲမှာလည်းနေတယ်။ ပိုဆိုးတာက စစ်တပ်ကလာရင် PDF စခန်းတွေကိုလမ်းပြတာပဲ။ သူလိုလူမျိုးတွေရှိနေလို့ ကျနော်တို့ ဝိုင်းရဲစခန်းကို မစိုးမိုးနိုင်သေးတာ။ ဒါကြောင့်ရှင်းလင်းလိုက်ရတာပါ" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ဝိုင်းကျေးရွာသား ဦးငသောင်းလေးဆီကနေ ဖုန်း ၂ လုံးနဲ့ ငွေသားအနည်းငယ်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဦးငသောင်းလေးဆီမှ သိမ်းဆည်းခဲ့သည့် ဖုန်းနှင့် ငွေသားအချို့။

 

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာမှာ နယ်မြေရဲကင်းစခန်းရှိပြီး စစ်ကောင်စီတပ်ကလည်း တပ်စွဲထားသလို အဲ့ဒီစခန်းကနေ ဒေသခံပြည်သူအချို့ကို စည်းရုံးကာ သတင်းပေးလုပ်ခိုင်းတာအပြင် သစ်ကားတွေဆီက ဂိတ်ကြေးတောင်းခိုင်းတာနဲ့ လောင်းကစားဝိုင်းထောင်ကာ လိုင်းကြေးကောက်ခံတာတွေ ပြုလုပ်ခိုင်းတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း အုတ်ဖိုမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မင်းလှမြို့နယ်၊ မြို့ချောင်း- စိန်ကန့်လန့်လမ်းက သစ်တောဂိတ်မှာ ဂိတ်ကြေးကောက်ခံနေတဲ့ ပျူစောထီးလို့ သတင်းထွက်နေတဲ့ ကိုအေးလွင်ဦးနဲ့ မခင်စန်းဝင်တို့လင်မယားကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ အုတ်ဖိုမြို့နယ်အပါ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက် စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ#သတင်း #ပဲခူးအနောက်ခြမ်း #အုတ်ဖို #ပျူစောထီး #PDF #ပစ်ခတ်ရှင်းလင်း #စစ်ကောင်စီ #ပဲခူးရိုးမ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10