သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဲကုန်းရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူ ၄ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုဆီက သိရပါတယ်။
အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာမှာနေထိုင်တဲ့ ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နဲ့ ဦးစိုးကြီးတို့ ၄ ဦးကို ဒီဇင်ဘာ ၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားပြီး ဒီဇင်ဘာ ၇ ရက် မနက် ၂ နာရီခန့်မှာ ချောင်းဂွအုပ်စုထဲက ကြံ့ခိုင်ရေးပါတီထောက်ခံသူအားကောင်းတဲ့ သဲကုန်းရွာအနီးမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
"ရွာသား ၁ ဦးကသတင်းပေးလို့ အရပ်ဝတ်တွေနဲ့ လာဖမ်းကြတယ်။ လာဖမ်းတာ ၆ ဦးပါ။ ၂ ဦးက နေမကောင်းလို့ဆေးခန်းပြသွားတော့ ပါမသွားတာ။ ခေါ်သွားတဲ့ ၄ ဦးကို သတ်လိုက်ကြတယ်။" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ပြန်ကြားရေးတာဝန်ခံ အောင်ဇေယျ ကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အထက်ပါဒေသခံ ၄ ဦးကိုဖမ်းဆီးကာ အုတ်ဖိုမြို့နယ် စရဖရုံးကို ကနဦး ခေါ်သွားပြီး အဲ့ဒီနောက်ပိုင်းမှသတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီသတ်ဖြတ်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ လုပ်ဆောင်တာလို့ ရေသားဖော်ပြထားပါတယ်။
ဒီဖော်ပြမှုဟာ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ၁ ဦး သေဆုံးခဲ့မှုကိုမကျေနပ်တဲ့အတွက် ဝါဒဖြန့်ရေးသားထားတာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ အောင်ဇေယျက သူ့အမြင်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်မနက် ၉ နာရီ ၂၀ မိနစ်ခန့်မှာ ခမရ ၆ တပ်ရင်းထဲက စစ်သား ၈ ဦး ဆိုင်ကယ် ၄ စီးနဲ့ထွက်လာချိန် တပ်ရင်းနဲ့ ကိုက် ၂၀၀ အကွာမှာ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ဖွဲ့ဝင်တွေက စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ခဲ့ပြီး ဗိုလ်ဝင်းသိန်းနဲ့ တပ်ကြပ်တင်အောင်တို့ သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
အခု အသတ်ခံရသူ ၄ ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံ၊ ဝန်းရံသူတွေဖြစ်ပြီး အလောင်း ၄ လောင်းစလုံးကိုတော့ ဒီဇင်ဘာ ၈ ရက် ဒီ မနက် ၁၀ နာရီအချိန်ထိ လာကောက်သူ မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ရွာအနီးကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ ၁၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပုံစာ - စစ်တပ်က သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ပြည်သူတွေကို တွေ့ရစဥ်။ (ဓါတ်ပုံ - စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #သာယာဝတီ #အုတ်ဖို #စစ်ကောင်စီ #သတ်ဖြတ် #ဒေသခံ
Share Share Share