အုတ်ဖိုမှာ လွတ်ငြိမ်းနဲ့ထွက်လာတဲ့ လင်မယား ၂ ဦးက ဆိုင်ကယ်လုယက်ဖို့လုပ်လို့ ဒေသခံတွေက ဝိုင်းဖမ်း

အုတ်ဖိုမှာ လွတ်ငြိမ်းနဲ့ထွက်လာတဲ့ လင်မယား ၂ ဦးက ဆိုင်ကယ်လုယက်ဖို့လုပ်လို့ ဒေသခံတွေက ဝိုင်းဖမ်း

ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပစ္စည်းလုယက်နေတဲ့လင်မယား ၂ ဦးကို ဖမ်းဆီးမိတယ်လို့ ဒေသခံပြည်သူတဦးထံက သိရပါတယ်။

အုတ်ဖိုမြိုနယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ဇေတဝန် ၁ လမ်းမှာ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းမှာ ဆိုင်ကယ်လုယူဖို့လုပ်နေတဲ့ လင်မယား ၂ ဦးကို.ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

" ဇေတဝန်  ၁ လမ်းထိပ်သုဿာန်နားမှာ ဆိုင်ကယ်လုဖို့ လုပ်တယ်။ ဆိုင်ကယ်နဲ့လင်မယားက ဖုန်း၊ ပိုက်ဆံအိတ်၊ ဆိုင်ကယ်တွေ လိုက်ပြီးလုယက်နေတာ ကြာပြီ။ မိန်းမကို အဲ့ရပ်ကွက်ထဲက လူတွေကဖမ်းမိပြီး ရဲလက်အပ်တယ်။ ယောကျ်ားကထွက်ပြေးရင်း ရဲစခန်းအနောက် လမ်းထဲမှာရေထဲခုန်ချပြေးလို့ လိုက်ပြီးဖမ်းကြရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ယခင်လကလည်း ဆိုင်ကယ်မှာချိတ်ထားတဲ့ အမျိုးသမီးတယောက်ရဲ့ ပိုက်ဆံအိတ်ကို ဆဲဆိုပြီး၊ လုယက်တာဖြစ်ခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလုယက်သူ လင်မယား ၂ ဦးမှာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ခိုးဆိုးလုယက်တာတွေရှိလို့ သာယာဝတီထောင်ကျနေခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးရာမှာ ပြန်လည်လွတ်မြောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

" ကျနော့်အစ်မရဲ့ဆိုင်ကယ်လည်း ခဏငှားပါဆိုရင် ပေးလိုက်တယ်။ အဲ့ဆိုင်ကယ်စီးပြီး ဆွဲကြိုးသွားလုတယ်ကြားတယ်။ ဆိုင်ကယ်လည်း ပြန်မရတော့ဘူး။ ခိုးစားရမှန်းသိလို့ ခိုးစားနေကြတာ။ ကောင်းရောင်းကောင်းဝယ်ကို လုပ်မစားကြဘူး" လို့ မင်းလှ ဒေသခံတဦးကပြောပါတယ်။

ပစ္စည်းလုယက်သူလင်မယား ၂ ဦးကို သူတို့စီးလာတဲ့အနီရောင် တရုတ်ဆိုင်ကယ်နဲ့အတူ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး အုတ်ဖိုမြို့မရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #အုတ်ဖို #လုယက်မှု #လွတ်ငြိမ်းချမ်းသာခွင့် #ဖမ်းဆီးရမိ #ပြည်သူလူထု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10