အုတ်ဖိုအပိုင် ပဲခူးရိုးမထဲမှာ ကျွန်းပင်ခုတ်လှဲနေသူတွေကို သတိပေးပြီးပြန်လွှတ် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ နိုင်ငံပိုင်ကျွန်းစိုက်ခင်းထဲက ကျွန်းသစ်ခုတ်ယူနေသူတွေကို ဩဂုတ် ၁၅ ရက် မနေ့မနက်က ဖမ်းဆီးသတိပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။ 

အုတ်ဖိုမြို့နယ်၊ ဂမုန်းသစ်တောကြိုးဝိုင်းရှိ အကွက်အမှတ် ၅၆ နဲ့ ၅၇ က သက်တမ်းနုကျွန်းပင်တွေကို ကျွဲ ၁၂ ရှဉ်း(၂၄ ကောင်)လူ ၂၀ ဦးကျော်နဲ့ ခန့်မှန်းသစ်တန်ချိန် ၄ တန်လောက်ကို ခုတ်လှဲယူကြတာလို့ ဆိုပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ ခုတ်ယူလာတဲ့ သစ်တွေထဲက ၁၅ ကုဗကိုသာသိမ်းယူပြီး ကျန်တဲ့သစ်နဲ့ ကျွဲတွေကို ပြန်ပေးကာ လူတွေကိုလည်း ပညာပေးစည်းရုံးကာ ပြန်လွှတ်ပေးခဲ့တယ်လို့  ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီကိုတိုက်ထုတ်ရုံသာမက သစ်တောသယံဇာတတွေကိုလည်း ကာကွယ်ထိန်းသိမ်းရန်တာဝန်ရှိတဲ့အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းပင်နုတွေကို ခိုးထုတ်မှုတွေ မပြုလုပ်ကြရန်နဲ့ ခိုးထုတ်သူတွေကို ပြင်းထန်စွာအရေးယူသွားမယ်လို့လည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အုတ်ဖိုမြို့နယ်ထဲမှာ ဂမုန်းသစ်တောကြိုးဝိုင်းအပါ နိုင်ငံပိုင်သစ်တောကြိုးဝိုင်း ၇ ဝိုင်းရှိပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်စတဲ့ တန်ဖိုးရှိ သစ်ပင်တွေအပြင် ဝါးဘိုး၊ မျှင်၊ ကျသောင်းစတဲ့ ဝါးမျိုးစုံလည်း ပေါက်ရောက်တယ်လို့ သိရပါတယ်။

ပဲခူးရိုးမတောထဲက သစ်ထုတ်ယူခွင့်ကို NLD အစိုးရလက်ထက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ၁၀ နှစ်ပိတ်ထားပေမယ့်လည်း တရားမဝင်ခိုးယူမှုတွေ ဒီနေ့တိုင်ရှိနေတာလည်းဖြစ်ပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်က ဒေသခံကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ်ကလည်း နိုင်ငံပိုင်သစ်တောစိုက်ခင်းတွေကို ထိန်းသိမ်းကြဖို့ ပညာပေးစည်းရုံးခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ပဲခူးရိုးမ #ကျွန်းသစ် #သဘာဝပတ်ဝန်းကျင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10