အုန်းတောရွာကို စစ်တပ်က မီးထပ်ရှို့

အုန်းတောရွာကို စစ်တပ်က မီးထပ်ရှို့

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၈ ရက် ဒီနေ့လယ် ၁ နာရီလောက်မှာ မီးရှို့ဖျက်ဆီးနေတယ်လို့ Successful Force - Pauk အဖွဲ့ဆီက သိရပါတယ်။ 

အဲ့ဒီရွာမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလောက်ကတည်းက အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက နေအိမ်တွေကို မီးရှို့နေတာပါ။ 

“စစ်**တွေ ရွာထဲမှာအထိုင်ချထားတာ ၃ လနီးပါးလောက်ရှိပြီ။ ညဘက်တွေဆိုလည်း သေနတ်တွေ ပစ်ဖောက်တာမျိုးတွေ ရှိတယ်။ သူတို့မထင်ရင် မထင်သလို နေအိမ်တွေကို မီးရှို့နေတာ” လို့ Successful Force - pauk တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အုန်းတောကျေးရွာကို စစ်ကောင်စီတပ်တွေမီးရှို့တာ ဒီတကြိမ်နဲ့ဆိုရင် ၉ ကြိမ်ကျော်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

“အာဏာသိမ်းပြီးကတည်းက အခုနဲ့ဆို မီးရှို့ခံရတာ ၉ ကြိမ် ၁၀ ကြိမ်လောက်ရှိပြီ။ အခု (စစ်ကောင်စီတပ်တွေ) တပ်စွဲထားတဲ့ ၃ လ အတွင်းမှာတော့ ၃ ကြိမ်လောက်ရှိပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၅ လလောက်အကြာမှာ ရွာထဲကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက် လာခဲ့ပါတယ်။ စစ်ကြောင်းတခုဝင်လာတိုင်း အများဆုံး ၇ ရက်ဝန်းကျင်လောက် တပ်စွဲပြီး ပြန်ထွက်သွားလေ့ရှိကာ တချို့စစ်ကြောင်းတွေကတော့ အိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် ခုတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေအပြင် ယခင် ကျေးရွာအတွင်းဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၃၀ ရှိတဲ့အနက် အိမ်ခြေ ၈၀ လောက် မီးလောင်ပျက်စီးနေပြီလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

အုန်းတောကျေးရွာဟာ ပေါက်မြို့အရှေ့ဘက်မှာတည်ရှိပြီး ဒေသခံတွေက တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာပါ။

စစ်ကောင်စီစစ်ကြောင်းတွေ ရွာကို စဝင်ကတည်းက ဒေသခံတွေလည်း ရွာထဲကနေ တိမ်းရှောင်ပြီး ရွာအနီးမှာ တဲထိုးပြီးနေခဲ့ကြရပါတယ်။ 

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေကရွာထဲကိုဝင်တိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံအချို့ ထိမှန်တာကြောင့် နီးစပ်ရာမှာ မနေရဲတော့ဘဲ ရွာနဲ့ဝေးတဲ့ ကိုင်းတောတွေထဲမှာ ရွှေ့ပြောင်းနေခဲ့ပြီး လက်ရှိအချိန်ထိလည်း ကျေးရွာထဲကို ပြန်မဝင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #အုန်းတော #စစ်ကောင်စီ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10