အောက်တောင်ကိုင်းရွာက နေအိမ် ၅ လုံးကို စစ်တပ်ကမီးရှို့

အောက်တောင်ကိုင်းရွာက နေအိမ် ၅ လုံးကို စစ်တပ်ကမီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီ တပ်သားတွေက ဇွန် ၇ ရက် မနက် ၉ နာရီကျော်လောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မတ္တရာမြိုကနေ ဖောကား ၄ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှမ်းတောရွာကတဆင့် မိုင်ဝက်လောက်ဝေးတဲ့ အောက်တောင်ကိုင်းကျေးရွာထဲကို  လက်နက်တွေပစ်ဖောက်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့ (စစ်ကောင်စီ)က ရှမ်းတောရွာထဲမှာ ဖောကားတွေကိုချန်ခဲ့ပြီး တောင်ကိုင်းရွာထဲကို ခြေလျင်နဲ့ ဝင်ခဲ့တာ။ ရွာသားတွေ ဖမ်းဆီးခံရတာတော့မရှိဘူး။ ရွာသားတွေကအရင် ၃ လလောက်ကတည်းက ရှောင်တိမ်းနေကြတော့ ရွာမှာသိပ်မကပ်ကြဘူး ” လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ အောက်တောင်ကိုင်းကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ 

အောက်တောင်ကိုင်းရွာက နေအိမ်တွေကိုမီးရှို့ပြီး မနက် ၁၀ နာရီကျော်လောက်မှာ အနီးဝန်းကျင်ရှိ ဟင်္သာကုန်းကျေးရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါသေးတယ်။  

အဲ့ဒီနောက် အောက်တောင်ကိုင်းရွာထိပ်ကို မနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က စစ်ကား ၃ စီးနဲ့ တကြိမ်၊ နေ့လယ် ၁ နာရီကျော်လောက်မှာ နောက်ထပ် စစ်ကား ၇ စီး တကြိမ် အင်အား ထပ်ဖြည့်ခဲ့ပြီး လက်ရှိချိန်ထိ အောက်တောင်ကိုင်းရွာအနီးက ငယ်တိုးရွာနဲ့ သဖန်ဒေါင့်ကျေးရွာတွေဘက်မှာ အထိုင်ချနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကလည်း မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာဘက်ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၄ လုံး နဲ့ ပစ်ခတ်ခဲ့ရာ အောက်တောင်ကိုင်းကျေးရွာက အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #မီးရှို့ #နေအိမ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10