အောင်လံနယ်မှာ မိုင်းဆွဲခံရလို့အထိနာတဲ့ စစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့

အောင်လံနယ်မှာ မိုင်းဆွဲခံရလို့အထိနာတဲ့ စစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့

မကွေးတိုင်း၊ အောင်လံမြို့နယ် ပဲခူးရိုးမအစပ်မှာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာကိုခံရလို့ အထိနာသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ သံကုတင်ရွာကို ရွာလုံးကျွတ် မီးရှို့သွားတယ်လို့ စစ်ရှောင်ဒေသခံတွေထံက သိရပါတယ်။

အိမ်ခြေ ၄၀ ခန့်ရှိ သံကုတင်ရွာကို နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီလောက်မှာ အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းဝင်ရောက်လာစဉ် ရွာအဝင်မှာ မိုင်းဆွဲခံရတာကြောင့် အဲ့ဒီစစ်ကြောင်းက  ရွာလုံးကျွတ်မီးရှို့သွားတာလို့ ပြောပါတယ်။ 

“စစ်ကြောင်းလာမယ်ဆိုကတည်းက ၂ ရက်အလိုကတည်းက တရွာလုံးကရှောင်နေကြတာ။ ညနေ ၄ နာရီ လောက်မှာ စစ်တပ်ကရွာထဲဝင်သွားတယ် သတင်းရတယ်။  မကြာလိုက်ဘူး ကျနော်တို့ရွာကနေ မီးခိုးလုံးတွေတက်လာပဲ မြင်ရတယ်။ ဘယ်လိုရှို့တာလဲတော့ မသိဘူး" လို့ မီးဘေးသင့် သံကုတင်ရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် သံကုတင်ရွာကို ဝင်ရောက်ချိန် မိုင်းဆွဲခဲ့လို့ စစ်သား ၆ ဦးသေကာ ၃ ဦး ဒဏ်ရာရပြီး  နိုဝင်ဘာ ၁၈ ရက်မှာ ဘင်ဟုန်ရွာကို နယ်မြေရှင်းလင်းဖို့ သွားချိန်မှာလည်း တိုက်မိုင်းထပ်ထိလို့  စစ်သား ၇ ဦးသေကာ ၈ ဦးဒဏ်ရာရခဲ့တယ်လို့ အောင်လံမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

“တအိမ်ချင်းစီကို မွှေနှောက်ရှာဖွေ ယူငင်ပြီးမှ  စိတ်တိုင်းကျ မီးရှို့သွားတာပါ ရွာလုံးကျွတ်ပဲ” လို့ သူက ပြောပါတယ်။

 စစ်ကြောင်းဝင်ရောက်လာချိန် သံကုတင်ရွာသားတွေ အချိန်မီတိမ်းရှောင်ခဲ့လို့ ဖမ်းဆီးခံရတာမျိုး မရှိဘူးလို့ သိရပါတယ်။

လက်ရှိအောင်လံမြို့နယ်ထဲမှာ သံကုတင်ရွာ၊ ဘင်ဟုန်ရွာနဲ့ အခြားရွာသားအချို့အပါ  မီးဘေးသင့်နဲ့ စစ် ရှောင်ပြည်သူ ၃၀၀ ဦးကျော်ရှိပြီး တောတိုက်တွေထဲမှာ တဲထိုးနေကြရကာ အသက်အရွယ်မျိုးစုံ ပါဝင်တာမို့ မိုးကာအနွေးထည်နဲ့ စားသောက်ကုန်တွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ရှောင်တွေကို လက်ရှိမှာ အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ သရက်ခရိုင် တပ်ရင်း ၁ က ကူညီပေးနေပြီး ကူညီလိုသူတွေအနေနဲ့ အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) Facebook စာမျက်နှာကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလကလည်း စစ်ကောင်စီစစ်ကြောင်းဟာ ဘင်ဟုန်ရွာကနေအိမ် ၇၀ လောက်ကိုလည်း မီးရှို့ခဲ့ကြပါသေးတယ်။

ပုံစာ - မီးရှို့ခံရသည့် သံကုတင်ရွာ။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #အောင်လံ #စစ်ကောင်စီစစ်ကြောင်း #ရွာလုံးကျွတ်မီးရှို့ #သံကုတင်ရွာ #မီးဘေးသင့် #စစ်ဘေးရှောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10