အောင်လံမှာ ဆိုင်ကယ်တွေကိုအကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးကာ သိန်းနဲ့ချီငွေညှစ်နေပြီး မပေးနိုင်ရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်

အောင်လံမှာ ဆိုင်ကယ်တွေကိုအကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးကာ သိန်းနဲ့ချီငွေညှစ်နေပြီး မပေးနိုင်ရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့ပေါ်နဲ့ ပြည်-အောင်လံလမ်းပိုင်းမှာ ဆိုင်ကယ်တွေကို နေ့စဉ်စစ်ဆေးဖမ်းဆီးကာ အကြောင်းအမျိုးမျိုးပြငွေညှစ်တောင်းခံနေပြီး မပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ခြိမ်းခြောက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ကာ အောင်လံမြို့အဝင်ဂိတ်၊ ရွာထောင်ရပ်ကွက်လမ်းဆုံ (ဒေသအခေါ် တမာပင်တာဂွ) စတဲ့နေရာတွေအပါအဝင် မြို့လမ်းဆုံလမ်းခွ နေရာအများအပြားမှာ နေ့စဉ်ဖမ်းဆီးနေတာဖြစ်ပြီး မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဖမ်းဆီးမှုပိုများတယ်လို့ ဆိုပါတယ် ။

“ ဆိုင်ကယ်လိုင်စင် စစ်တယ်။ အကုန်စုံရင် လူငယ်တွေဆိုဖမ်းတယ်။ ငွေမပေးနိုင်ရင် စစ်မှုထမ်းရမယ်။ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေတာ နေ့တိုင်းပဲ။” လို့  မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိအထိ ဖမ်းဆီးစစ်ဆေးနေတဲ့ ရက်၂၀ ကျော်အတွင်း မိန်းကလေးတွေအပါအဝင် လူ ၇၀ ကျော်ဟာ အောင်လံမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးခံထားရပြီး လူငယ်တွေအနေနဲ့ စစ်မှုမထမ်းရရေးအတွက် ငွေကြေးနဲ့ ညှိနှိုင်းတာတွေလုပ်ဆောင်နေရကာ သိန်းနဲ့ချီတောင်းခံမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

" ၃ ရက်လောက်ပဲရှိမယ်၊ စမ်းချောင်းကွက်သစ်ရပ်ကွက်က အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ဦး စျေးသွားရင်း အဖမ်းခံရတယ်။ ကလေးက ၄ လပဲရှိသေးတော့ ကလေးကို နို့တိုက်ဖို့ အချုပ်ထဲသွားသွားတိုက်ရတယ်လေ။" လို့ အထက်ပါမြို့ခံက ပြောပါတယ်။

အောင်လံမြို့ပေါ်က ဖမ်းဆီးမှုတွေကို အောင်လံမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ရွာမထုံးအခြေစိုက် ကပစ ၁၅ က ဗိုလ်မှူး ကောင်းထက်ဇော်နဲ့ စစ်ကောင်စီတပ်သားတွေက ဦးဆောင်ပြီး မြို့မရဲစခန်းက ရဲတွေလည်းပါဝင်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒါ့အပြင် ပြည်-အောင်လံကြားကားလမ်းပိုင်း ပြလို့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒုရင်္ဂဗိုလ်ရွာ ရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေပေါင်းပြီး ဆိုင်ကယ်တွေကိုဖမ်းဆီးကာ အလားတူခြိမ်းခြောက် ငွေညှစ်တောင်းခံတာတွေလုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

" ကျနော်အဖမ်းခံရတုန်းက ဆိုင်ကယ်လိုင်စင်ရော အကုန်ပါတယ်။ ကျနော့်ကို သေနတ်တွေနဲ့ချိန်ပြီး မေးစမ်းနေတာ။ အုပ်ချုပ်ရေးမှူးကို လှမ်းအကူအညီတောင်းလို့  ၂ သိန်းနဲ့ပြန်လွတ်လာတယ်။ ရှေ့က လူကိုတော့ လိုင်စင်မပါလို့ သိန်း ၂၀ နဲ့ညှိနေကြတယ်။ လွတ်၊မလွတ်တော့ မသိရဘူး”လို့ ၎င်းက ပြောပါတယ်။

ဒုရင်္ဂဗိုလ်ရွာရဲစခန်းကို စခန်းမှူးအသစ်ပြောင်းရွှေ့လာပြီးနောက် ယခု အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဆိုင်ကယ်ဖမ်းဆီးကာ ငွေကြေးတောင်းခံမှုတွေ များပြားလာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ပုံစာ - အောင်လံမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုတွင် ခရီးသည်တင်ကားတစီးကို စစ်ဆေးနေစဥ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #အောင်လံ #ကပစ #ရဲ #ငွေညှစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10