အောင်လံမှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်

အောင်လံမှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မတ် ၂ ရက် ဒီမနက် ၆ နာရီခွဲလောက်က ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသားတဦးကို စစ်ကောင်စီဂိတ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အောင်လံမြို့နယ်၊ ရွှေ‌ပန်းတောရွာရဲ့အရှေ့ဘက် နထားလမ်းခွဲအနီးမှာ အင်းလယ်(ရွာမ)ရွာမှာနေတဲ့ အသက် ၄၅ နှစ်အရွယ် ကိုအောင်ဆန်းကို စစ်သားနဲ့ ရဲ ၆ ဦးလောက်ရှိတဲ့ စစ်ကောင်စီဂိတ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

”သူ(ကိုအောင်ဆန်း)က ရွှေပန်းတောကနေ အင်းလယ်ကို ဆိုင်ကယ်နဲ့ ပြန်တာမှာ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်သတ်တာ။ သေနတ်သံက ငါးချက်၊ ခြောက်ချက်လောက်ကြားရတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိုအောင်ဆန်းကို စစ်ကောင်စီက ရွှေပန်းတောဆေးရုံကို သယ်သွားပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုအောင်ဆန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့  နီးစပ်သူမဟုတ်ပေမယ့် စစ်ကောင်စီက မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ကျောပိုးအိတ်ကို သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ အလောင်းဟာ ရွေပန်းတောဆေးရုံမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီဂိတ်ဟာ တပတ်ကို ၂ ကြိမ်လောက်သာ ဂိတ်ချစစ်ဆေးတာဖြစ်ပြီး သေနတ်နဲ့ ပစ်သတ်အပြီးမှာတော့ အဲဒီဂိတ်ကို ပြန်ရုတ်သွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၄ ရက်ကတော့ အောင်လံမြို့နယ် ဗျံဒီရွာနဲ့ မိူင်းတောင်ဗွေရွာကြားမှာ အသက် ၄၀ နှစ်အရွယ် ကိုနန်းစိုးဦးကို အမည်မသိလက်နက်ကိုင်တဖွဲ့က ပစ်သတ်သွားခဲ့ပါသေးတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အောင်လံမြို့နယ် #နထားလမ်းခွဲ #စစ်တပ် #အရပ်သား #ပစ်သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10