ဧရာဝတီမြစ်ရေတက်လာလို့ ရေလယ်ကျွန်းက စစ်ရှောင်ပြည်သူ ၃၀၀ ကျော် စားဝတ်နေရေး အခက်ကြုံနေ

ဧရာဝတီမြစ်ရေတက်လာလို့ ရေလယ်ကျွန်းက စစ်ရှောင်ပြည်သူ ၃၀၀ ကျော် စားဝတ်နေရေး အခက်ကြုံနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ဟာ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် နေရာပြောင်းရွေ့ဖို့နဲ့ စားသောက်ရေးအတွက် အခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ 

အဲဒီစစ်ရှောင်တွေဟာ မင်းရွာ၊ ပေါက်တောရွာ၊ နေရင်းရွာ ၃ ရွာက စစ်ဘေးရှောင်ပြည်သူတွေဖြစ်ပြီး ရေလယ်ကျွန်းဒေသကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၆ ရက်ကတည်းက ပြောင်းရွေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။

"ရေတက်လာတော့ စားဖို့နဲ့နေဖို့ ပိုခက်ခဲလာတယ်။ ကျွန်းရေမြုပ်ရင် နေဖို့က ဘယ်လိုမှအဆင်မပြေတော့ဘူး။ ကုန်းမြင့်တဲ့နေရာတွေ ရွေ့နေရဖို့ပဲရှိမယ်။ စစ်ရှောင်ရင်းနဲ့အနီးနားကရွာမှာ သီးပင်စားပင်တွေစိုက်ထားတာ စားရတာပေါ့" လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

စစ်ဘေးရှောင်တဲ့ကာလ ကြာမြင့်လာတာနဲ့အမျှ ကူညီထောက်ပံ့မှုတွေလျော့နည်းလာသလို စစ်ရှောင်ဒေသခံတွေအနေနဲ့လည်း စားစရာရှားပါးတဲ့အတွက် တောထဲမှာ အလေ့ကျပေါက်တဲ့ အသီးအနှံတွေကို ရှာဖွေစားသောက်နေရတယ်လို့ ရေလယ်ကျွန်းက စစ်ဘေးရှောင်တွေက ဆိုပါတယ်။ 

စစ်ရှောင်ပြည်သူတွေဟာ အရင်က ငါးဖမ်းတာ၊ ပြောင်းဖူးချိုးတာ၊ ဆေးလိပ်ဖင်စီခံလိပ်တာ၊ မြေပဲနုတ်၊ ပေါင်းနုတ်၊ ကုန်တင်ကုန်ချ စတဲ့အလုပ်တွေနဲ့ လက်လုပ်လုပ်စား နေကြရသူတွေဖြစ်ပါတယ်။ 

"မိသားစု ၆ ယောက်ရှိတယ်။ စစ်ရှောင်နေရတာ တနှစ်ပြည့်တော့မယ်။ ရေပတ်လည်ဝိုင်းနေတာဆိုတော့ အလုပ်အကိုင်မရှိကြဘူး။ အလုပ်ကမရှိလို့ ပြောင်းဖူးဖက်တွေကိုခူးပြီး ဆေးလိပ်ဖင်စီခံလုပ်ရင်း ငွေရှာရတယ်။ ပြောင်းဖူးပင်တွေ ရေမြုပ်နေလို့ ဝင်ငွေလည်းမရှိကြတော့ဘူး" လို့ ရေလယ်ကျွန်းစစ်ရှောင် အမျိုးသမီးတဦးက ပြောပါတယ်။

ရေလယ်ကျွန်းဒေသဟာ ဧရာဝတီမြစ်ရေက နှစ်စဥ် ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတွေမှာ ရေတက်နေကြဖြစ်ပြီး သီတင်းကျွတ်လရောက်မှ မြစ်ရေပြန်ကျတဲ့နေရာပါ။ 

အခုအခါမှာ ရေလယ်ကျွန်းပေါ်က စစ်ရှောင်တွေဟာ ရေလွတ်ရာကုန်းပေါ်ကို ပြောင်းရွေ့ရမှာဖြစ်ပြီး နေရာသစ်အတွက် လိုအပ်တဲ့ အမိုးအကာတွေလည်း လိုအပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပျူစောထီးတချို့ရှိနေတဲ့ မင်းရွာမှာအထိုင်ချတပ်စွဲထားတာဖြစ်ပြီး၊ ပေါက်တောရွာနဲ့ နေရင်းရွာမှာ မင်းရွာနဲ့ မိုင်ဝက်လောက်သာ ဝေးတဲ့အတွက်ရွာကိုမပြန်ရဲကြဘဲ တနှစ်ကျော်ကြာတဲ့အထိစစ်ရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ရေစကြိုမြို့နယ် #ရေလယ်ကျွန်း #စစ်ရှောင်ပြည်သူ #ဧရာဝတီမြစ် #ရေတက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10