ဧရာဝတီမြစ်အတွင်း ရှော့တိုက်ဖမ်းဆီးနေတဲ့ ငါးဖမ်းသမားတွေကို PDF တွေက ဖမ်းဆီးအသိပညာပေး

ဧရာဝတီမြစ်အတွင်း ရှော့တိုက်ဖမ်းဆီးနေတဲ့ ငါးဖမ်းသမားတွေကို PDF တွေက ဖမ်းဆီးအသိပညာပေး

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတလျှောက် ဧရာဝတီလင်းပိုင်နဲ့ ငါးသားပေါက်တွေကို ရှော့တိုက် ဖမ်းဆီးနေတဲ့ ငါးဖမ်းသမားတွေကို ဖေဖော်ဝါရီ ၄ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်စစ်ဆေးနေတဲ့အချိန် တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးအရေးယူခဲ့ကာ အသိပညာပေးပြီး ဖေဖော်ဝါရီလ ၇ ရက်ဒီနေ့မှာ ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ 

“ငါးဖမ်းသမားတွေဆီကနေ ငါးဖမ်းစက်လှေသုံးစီး၊ ရှော့စက်သုံးလုံးနဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဘက်ထရီအိုးကြီး ၃ လုံး၊ ဘက်ထရီအလတ် ၃ လုံးနဲ့ လူ ၆ ယောက်ကို ထိန်းသိမ်းခဲ့ပြီး ငါးဖမ်းပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူခဲ့သလို ငါးဖမ်းသမား ၆ ယောက်ကိုတော့ စုံစမ်းစစ်ဆေးပြီး နောက်ဆုံးအကြိမ်အဖြစ် ပြန်လွှတ်ပေးခဲ့တယ်” လို့ Peacock warriors force အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် ဧရာဝတီလင်းပိုင်နဲ့ ရေချိုငါးမျိုးစိတ် အန္တရာယ်ကင်းလွတ်‌စေဖို့ ရှော့တိုက်ငါးဖမ်းသမားတွေကို အသိပညာပေးတာ၊ အရေးယူတာနဲ့ ပြစ်ဒဏ်ပေးတာဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ရှော့တိုက်ငါးဖမ်းမှု အန္တရာယ်ကြောင့် ဧရာဝတီလင်းပိုင် မျိုးပွားနှုန်းကျဆင်းတာ၊ ငါးသားပေါက်မှုနှုန်း နည်းတာတွေအပြင် ရေချိုငါးရှားပါးမှု အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတာတွေကြောင့် ခုလိုအရေးယူတာတွေ တောက်လျှောက်လုပ်ဆောင်နေတာလို့ သူကဆက်ပြောပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက် ရှော့တိုက်ငါးဖမ်းတဲ့ဖြစ်စဉ် ၁၀ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ရှော့တိုက်ငါးဖမ်းလှေ အစီးရေ ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10