၀က်လက်မှာ အမျိုးသမီး ၁ ဦးအပါ ၄ဦးကို စစ်တပ်ကသတ်ခဲ့၊ အမျိုးသမီးရုပ်အလောင်းကအဓမ္မပြုကျင့်ခံရတဲ့ပုံစံဖြစ်နေဟုဆို

၀က်လက်မှာ အမျိုးသမီး ၁ ဦးအပါ ၄ဦးကို စစ်တပ်ကသတ်ခဲ့၊ အမျိုးသမီးရုပ်အလောင်းကအဓမ္မပြုကျင့်ခံရတဲ့ပုံစံဖြစ်နေဟုဆို

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေထဲက ၆ ဦးကို စစ်ကောင်စီတပ်တွေက ၀င်ရောက်ဖမ်းဆီးသွားကာ အဲ့ဒီထဲက ၄ ဦးကို လည်ပင်းကိုဓားနဲ့လှီးသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ၂၆ ရက် မနေ့က မနက် ၅ နာရီလောက်က ရွာထဲကို ၀င်ရောက်ကာ ၆ ကို ဖမ်းဆီးခဲ့ပြီး ၂ ဦးကို ကျေးရွာလက်ဖက်ရည်ဆိုင်အတွင်းမှာ သော့ပိတ် ထားခဲ့ကာ ၄ ဦးကို လှတောရွာနဲ့ ကျီးကန်းရွာအကြား သရက်ခြံအတွင်း သတ်ခဲ့တာလို့ ဆိုပါတယ်။ 

"အကုန်လုံးကိုဓားတွေနဲ့ ခေါင်းဖြတ်သတ်ထားတာ။ ဒီနေ့ (ဩဂုတ် ၂၇) မနက်မှ အလောင်းတွေ တွေ့ရတာ။ မနက် ၅ နာရီလောက်က စစ်တပ်ပြန်ထွက်သွားတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အသတ်ခံရသူတွေဟာ ကျီးကန်တောင်ရွာက အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုနိုင်လင်း၊ ကျီးကန်မြောက်ရွာက အသက် ၅၅ နှစ်အရွယ် ဦးတင်ဆန်းနဲ့  သမီးဖြစ်သူ မရွှေမန်းသူ အသက် ၂၀ နှစ်နဲ့ အသက် ၅၆ နှစ်အရွယ် ဦးဟန်ဆွေတို့ဖြစ်ပြီး  လည်ပင်းကိုဓားနဲ့လှီး သတ်ခံထားရတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူတွေထဲက အသက် ၂၀ အရွယ် အမျိုးသမီး မရွှေမန်းသူရဲ့ ရုပ်အလောင်းကို တွေ့ရှိချိန်မှာ အဓမ္မပြုကျင့်ခံထားရတဲ့အနေအထားတွေနဲ့ တွေ့ရှိပြီး မိန်းမအင်္ဂါအတွင်းကို Royal-D အအေးဗူး ထည့်သွင်းထားလျက် တွေ့ရှိရတယ်လို့ နောက်ထက် ဒေသခံတဦးက ပြောပါတယ်။

“အလောင်းတွေ့တဲ့အချိန်မှာ အောက်ပိုင်းမှာ အဝတ်မပါဘူး။ မိန်းမကိုယ်ထဲကို အအေးဗူးထိုးထည့်သွားတယ်။ အလောင်းကိုစစ်ဆေးတော့ အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံတွေတွေ့ရတယ်” လို့ ပြောပါတယ်။

မရွှေမန်းသူရဲ့ ရုပ်အလောင်းကို ဆေးဘက်ဆိုင်ရာ CDM ဝန်ထမ်း၊ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးနိုင်တာမျိုးမရှိပေမယ့် မျက်မြင်တွေ့ရှိချက်များအရ အဓမ္မပြုကျင့်ခံထားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသူတွေဆီက ငွေသား ၅၁၅ သိန်းနဲ့ ရွှေဆွဲကြိုး၊ ဖုန်းအလုံး၂၀ ကျော်တို့ကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်အုပ်စုက ကျီးကန်မြောက်ရွာကို ပြီးခဲ့တဲ့မတ်လကလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ တာကြောင့် ဒေသခံ ၇ ဦးသေဆုံးခဲ့တဲ့အပြင် ခြေလျင်စစ်ကြောင်းထိုးကာ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #၀က်လက် #စစ်ကောင်စီ #သတ်ဖြတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10