၁ လအတွင်း ၆ နှစ်အရွယ်ကလေးတဦးအပါ ဒေသခံ ၁၃ ဦးကို စစ်တပ်ကဖမ်းဆီးပြီး ၂ ဦးကိုပြန်လွှတ်ခဲ့

၁ လအတွင်း ၆ နှစ်အရွယ်ကလေးတဦးအပါ ဒေသခံ ၁၃ ဦးကို စစ်တပ်ကဖမ်းဆီးပြီး ၂ ဦးကိုပြန်လွှတ်ခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ ဒီဇင်ဘာလအတွင်း ၆ နှစ်အရွယ်ကလေးတဦးအပါအဝင် ဒေသခံ ၁၃ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ၂ ဦးကိုတော့ ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ  ၃၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေက  ဖမ်းဆီးခဲ့တာပါ။ 

ဒီဇင်ဘာ ၃၁  ရက်မှာ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာအုပ်ချုပ်ရေးမှူးဟောင်း ကိုမောင်နိုင်ရဲ့ ဇနီး၊ ဒီဇင်ဘာ ၂၈ ရက်ည ၁၁ နာရီလောက်မှာ ဇရစ်ချောင်းအုပ်စု၊ ဆင်အိုင်ချောင်းနားရွာက ကိုမြင့်နိုင်နဲ့ ဇနီး မအေးအေးမျိုး၊ ဦးခင်သောင်းရဲ့ သမီး မသင်းဝေလှိုင်နဲ့ သားဖြစ်သူ ၁၆ နှစ်အရွယ် မောင်အောင်ထက်၊ တူဖြစ်သူ မောင်ဇင်မင်းထက်နဲ့ မြေးဖြစ်သူ ၆ နှစ်အရွယ် မရင်ပိုပိုလှိုင် တို့ကို နေအိမ်တွေမှာ ဖမ်းဆီးခဲ့ပါတယ်။ 

ကိုမောင်နိုင်ရဲ့ဇနီးကိုတော့ စစ်ကွင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး ကိုမောင်နိုင်လာရောက်အဖမ်းမခံပါက ဇနီးဖြစ်သူကို တရားစွဲကာ ပိုင်ဆိုင်မှုသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ သိရကြောင်း  မင်းလှဒေသခံတဦးက ပြောပါတယ်။

ကိုမြင့်နိုင်တို့ ၇ ဦးကိုတော့ မင်းလှအခြေစိုက် ခလရ ၁ မှစစ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ ခုချိန်ထိမသိရှိရသေးပါဘူး။ 

အလားတူ ရွေးကုန်းအုပ်စု၊ ရွေးကုန်းရွာက သစ်လုပ်ငန်းလုပ်ကိုင်သူ ကိုဝင်းသိန်းနဲ့ ဇနီး မထော်ကို ဒီဇင်ဘာ ၁၆ ရက်က စမ်းဘုတ်ရွာလမ်းပေါ်မှာဖမ်းဆီးပြီး၊ ဒီဇင်ဘာ ၁၀ ရက်မှာတော့ စမ်းဘုတ်ရွာအုပ်ချုပ်ရေးမှူး ဦးရခိုင်နဲ့ အဲဒီရွာက ဒေသခံအမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။  

“စစ်တပ်က အနိုင်ကျင့်ပြီး သူတို့ အလိုမကျရင်ဖမ်းဆီးတာမျိုးတွေ လုပ်နေတာကို တွေ့ရတယ်။ အသက်မပြည့်တဲ့ ကလေးတွေပါ မချန်ဘူးဆိုတော့ စာနာစိတ်ကင်းမဲ့နေတယ်။ တချိန်မှာ ဥပဒေကြောင်းနဲ့ ရင်ဆိုင်ရမယ်” လို့ မင်းလှမြို့နယ်မှ လူ့အခွင့်အရေးလေ့လာစောင့်ကြည်သူတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံ ၁၃ ဦးအနက် ကိုဝင်းသိန်းနဲ့ ဇနီးမထော်ကို ဒီဇင်ဘာလကုန်ဝန်းကျင်က ပြန်လွှတ်ခဲ့ပေမယ့် အုပ်ချုပ်ရေးမှူး ဦးရခိုင်နဲ့ ကျန်သူတွေကိုတော့ ဇန်နဝါရီ ၃ ရက် ဒီကနေ့ထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်ထိ စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၅၇၃၀ ဦးရှိပြီး၊ ၁၉၉၃၀ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ အဲ့ဒီထဲက ၈၄၅၇ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10