၁၀၂၇ က တံဆိပ်ကပ်ပေးလိုက်တဲ့ "မင်းအောင်လှိုင်လက်ထက် ရုပ်အပျက်ဆုံးစစ်တပ်"

၁၀၂၇ က တံဆိပ်ကပ်ပေးလိုက်တဲ့ "မင်းအောင်လှိုင်လက်ထက် ရုပ်အပျက်ဆုံးစစ်တပ်"

“နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ဆောက်ခဲ့တဲ့ စွမ်းရည်ပြည့်ဝတဲ့ ခေတ်မီမြန်မာ့တပ်မတော်ကြီး” လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ တပ်ထောက်ခံသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့်မြှောက်ပင့်ပြောဆိုခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လက်နက်မဲ့အရပ်သားတွေကို သတ်ဖြတ်နိုင်တာကလွဲရင် လက်ရှိရင်ဆိုင်တိုက်ပွဲတွေမှာ တနေရာမှ အသာစီးမရပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံက အကြပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ကြာမြင့်လာချိန်မှာတော့ ၎င်းတို့စစ်တပ်နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားနဲ့စွမ်းရည်တွေ ဘယ်လောက်အထိ ယိုယွင်းပျက်စီးနေတယ်ဆိုတာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါပြီ။

လုံးဝပြိုမကျသေးသော်လည်း ဆယ်စုနှစ် ၈ ခုနီးပါး “ဟန်ကိုယ့်ဖို့”နဲ့ နေလာတဲ့ စစ်တပ်ရဲ့ မျက်နှာဖုံးကို လုံးဝခွာချနိုင်ခဲ့ကာ အထူးသဖြင့် ၂၀၂၃ အတွင်း စစ်ကောင်စီရင်ဆိုင်ခဲ့ရတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေအပေါ်မှာ ၎င်းတို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ သမိုင်းတလျှောက် အရှက်တကွဲနဲ့ ရုပ်ပျက်ဆင်းပျက်အနိုင်ဆုံးဖြစ်ကာ စစ်တပ်ပြိုလဲတော့မယ့်အခြေအနေလို့ CDMနဲ့ တပ်မတော်သားဟောင်းတွေက သုံးသပ်ကြပါတယ်။

“ ၁၀၂၇ အဲ့ဒီအော်ပရေးရှင်းမှာ စစ်တပ်ရဲ့ အရှုပ်ထုပ်တွေ အကုန်ပေါ်လာတာပေါ့နော်။ ဒီစစ်တိုက်ရတဲ့ထဲမှာ အမြင့်ဆုံးအဆင့်လို့ပြောလို့ရတဲ့ ဗိုလ်မှူးချုပ်လယ်ဗယ်တွေမှာ အရှင်ဖမ်းမိတာရော၊ လက်နက်ချတာတွေရောက မင်းအောင်လှိုင်အတွက် စိတ်ပျက်စရာ အခြေအနေဆိုးကို ကြုံရတာ။ ဒါတွေက စစ်တပ်သမိုင်းတလျှောက်မှာ တခါမှ မဖြစ်ဖူးတဲ့ဟာတွေ” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ရှင်းပြပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ကရင်နီ၊ ကရင်နီနဲ့တဆက်တည်းရှိ ရှမ်းပြည်(တောင်ပိုင်း)ဒေသ တချို့၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးစတဲ့ဒေသတွေမှာ တော်လှန်စစ်အားကောင်းခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ လှုပ်ရှားမှုမတိုင်ခင်အထိ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ထိတွေ့တိုက်ပွဲနဲ့ မြို့ပြပြောက်ကျား စစ်ဆင်ရေးတချို့ကလွဲရင် တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ပွဲဖော်ဆောင်နိုင်တာမျိုးမရှိဘဲ ငြိမ်သက်ခဲ့တာပါ။ 

အဲ့ဒီကာလတွေအထိ စစ်ကောင်စီတပ်အနေနဲ့ ထိခိုက်သေဆုံးမှု၊ ဆုံးရှုံးမှုတွေများပြားခဲ့ပေမယ့် လေကြောင်းပစ်ကူနဲ့ ယခင်က စစ်ဆင်ရေးမထွက်ရတဲ့ လက်ရုံးတပ်ဖွဲ့တွေကို တိုက်ခိုက်ရေးအင်အားအတွက်ဖြည့်တင်းပြီး  ကျားကန်ထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ရှမ်းမြောက်ဒေသနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ KIAနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ AA၊ PSLF/TNLA တပ်ဖွဲ့တွေ ဦးဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်လာတဲ့ အခါမှာတော့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီတပ်သားတိုင်းကြောက်ရွံ့တဲ့ စစ်ဆင်ရေးတခုဖြစ်လာသလို စစ်တပ်အနေနဲ့လည်း သမိုင်းတလျှောက်မကြုံစဖူး အရှက်ကွဲမှု၊ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ CDM တပ်မတော်သားတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ စစ်ကောင်စီတပ်ရဲ့ ဆုံးရှုံးရမှုအကျဉ်းချုပ်

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ မှ ယာယီအပစ်အခတ်ရပ်စဲခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်အထိ ရက်ပေါင်း ၈၀ နီးပါးကာလအတွင်း ရှမ်းမြောက်ဒေသက မြို့ ၁၆ မြို့နဲ့အတူ စစ်ကောင်စီတပ်ရဲ့ တပ်ရင်း/ ဌာနချုပ် တပ်စခန်း၊ လူ၊ လက်နက်/ခဲယမ်းတွေ ရာ၊ ထောင်ချီပြီး လက်လွှတ်ခဲ့ရပါတယ်။

အဲ့ဒီမြို့ ၁၆ မြို့ထဲက ကွမ်းလုံမြို့ဟာ ယခင်ခေတ်မြန်မာစစ်တပ်က ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ လက်ထဲကနေ ရက် ၄၀ တိုင် တိုက်ခိုက်သိမ်းယူခဲ့ရပေမယ့် ညီနောင်သုံးဖွဲ့ကတော့ စစ်ကောင်စီလက်ထဲကနေ ၄ ရက်ကြာသာ တိုက်ယူခဲ့ရပါတယ်။ 

ဒီဆုံးရှုံးမှုတွေထဲမှာ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(လောက်ကိုင်) ၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၆၊ အခြေချစစ်ဗျူဟာ စဗခ (ကွမ်းလုံ)နဲ့ စဗခ (ကွတ်ခိုင်)စတဲ့ စစ်ဌာနချုပ်တွေအပါအဝင် တပ်ရင်း/တပ်ဖွဲ့ ပေါင်း ၃၀ ထက်မနည်းနဲ့ တပ်စခန်းပေါင်း ၄၀၀ ကျော်ကို မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပါတယ်။

စစ်ဌာနချုပ်တွေနဲ့ တပ်စခန်းတွေ စွန့်လွှတ်ခဲ့ရသလို အဲ့ဒီစစ်ဌာနချုပ်တွေကို ကွပ်ကဲနေတဲ့ တပ်အရာရှိကြီးတွေလည်း တိုက်ပွဲအတွင်းသေဆုံးခဲ့ပြီး ဖမ်းဆီးရမိတာနဲ့ လက်နက်ချအညံ့ခံတာတွေလည်း ရှိခဲ့ပါတယ်။ 

အမြင့်ဆုံးအဆင့်နေနဲ့ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင်အပါအဝင် စစ်ဗျူဟာမှူး၊ နည်းဗျူဟာမှူးတွေ သေဆုံးခဲ့ပြီး တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းနဲ့ စကခ ၁၉ စကခမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ တို့ကို ဖမ်းဆီးရမိထားတာပါ။

ကိုးကန့်ဒေသ ယာယီအုပ်ချုပ်ရေးမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဒကစ(လောက်ကိုင်) ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တမခ ၅၅၊ စကခ ၁၆၊ စကခ ၁၄၊ စကခ ၁၂ တွေရဲ့ တပ်မမှူးတွေနဲ့ လက်အောက်စစ်သား၊ မိသားစုဝင် ၄,၀၀၀ ကျော် လက်နက်ချအညံ့ခံထားကာ တိုက်ပွဲတွေအတွင်း သေဆုံး၊ဒဏ်ရာရနဲ့ အလံဖြူထောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်းမှာလည်း ထောင်နဲ့ချီတဲ့အရေအတွက်ရှိတယ်လို့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

တခါ လက်နက်/ခဲယမ်း သိမ်းဆည်းရမိမှုမှာလည်း အခြေချစစ်ဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ တပ်မမှူး ဦးစီးတဲ့ စစ်ဗျူဟာစခန်းကုန်းတွေအပါအဝင် စခန်းကုန်းအသီးသီးကနေရရှိမှုမှာ ပြည်ပကနေဝယ်ယူထားရတဲ့ အတွဲလိုက်ပစ် မစ်ဇိုင်းဒုံးလက်နက်၊ ၁၀၅ မမ၊ ၁၂၀ မမ  ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် မြောက်မြားစွာသော၊ မရေတွက်နိုင်သော လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

လောက်ကိုင်ဒကစ နဲ့ သိန္နိ စကခ ၁၆ ကျဆုံးမှုဂယက်

ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ လောက်ကိုင်ဒကစနဲ့ သိန္နီမြို့ အခြေစိုက် စကခ ၁၆ ကို မဟာမိတ်တပ်ဖွဲ့တွေက အခုလအတွင်းမှာပဲ သိမ်းပိုက်ထားနိုင်ပါတယ်။

စစ်ကောင်စီတပ်အင်္ဂါစဉ်အရ ဗိုလ်ချုပ်အဆင့်ကွပ်ကဲတဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခု ပြီးလျှင် ဗိုလ်မှူးချုပ်အဆင့်ကွပ်ကဲတဲ့ စစ်ဌာနချုပ်တွေထဲမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) က အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ နယ်မြေတခုလုံးမှာလည်း ရမခပြီးရင် လောက်ကိုင်ဒကစက အကြီးဆုံး စစ်ဌာနချုပ်ဖြစ်ကာ တိုင်းစစ်ဌာနချုပ်ကဲ့သို့ ခြေလျင်/ခြေမြန် လက်ရုံးဝန်ထမ်း တပ်အစုံကို ကွပ်ကဲရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သိန္နီမြို့ရှိ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လည်း သိမ်းပိုက်ခံထားရတာကြောင့် ဒကစနဲ့ စကခ ဌာနချုပ်တွေ ကျဆုံးတာဟာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေ ၊ ထောက်ခံသူတွေအကြား စစ်ခေါင်းဆောင်တွေကို ဆဲဆိုဝေဖန်တဲ့အခြေအနေတွေအထိ ဖြစ်ခဲ့ပါတယ်။

ရှမ်းမြောက်အပစ်ရပ်ကာလနဲ့ လက်ကျန်စစ်ကောင်စီတပ် ဘယ်လိုဆက်ဖြစ်မလဲ

ဒကစလောက်ကိုင် ကျပြီးနောက် ရှမ်းမြောက်ဒေသတခုလုံးနီးပါး စစ်ကောင်စီတပ်ကင်းစင်သွားပြီး ရမခ အခြေစိုက်ရာ လားရှိုးမြို့တခုသာ တိုက်ခိုက်ဖို့ကျန်နေတာပါ။

ဒီလိုကာလမှာပဲ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီတပ်က ဦးစီးဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးညှိနှိုင်းမှုကော်မတီနဲ့ မဟာမိတ်အဖွဲ့တွေအကြား အပစ်ရပ်ရေးအတွက် ဇန်နဝါရီ ၉ ရက်က စတင်ကာ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

၂ ရက်ကြာ ညှိနှိုင်းပြီးနောက် ဇန်နဝါရီလ ၁၁ ရက်မှာ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ညှိနှိုင်းမှုသဘောတူညီချက်တွေအရ နှစ်ဖက်တပ်တွေအကြား အပစ်ရပ်စဲထားပြီး မဟာမိတ်တပ်တွေဘက်က စစ်တပ်လက်ကျန်စခန်းတွေကို ဆက်လက်ထိုးစစ်မဆင်ရသလို စစ်တပ်ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ မတိုက်ခိုက်ရပါဘူး။

လက်ရှိမှာ ယာယီအပစ်ရပ်စဲထားသော်လည်း ပြည်သူလူထုတရပ်လုံးရဲ့ ဘုံရည်မှန်းချက်ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ မြန်မာပြည်သူလူထုနဲ့ တသွေးတည်းတသားတည်း ရှိနေမှာဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

လက်ရှိ လောက်ကိုင်ကနေစွန့်ခွာလာတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ မှာ စုဖွဲ့နေသလို၊ နောင်ချို၊ ကျောက်မဲနဲ့ ရှမ်းမြောက်ဒေသနဲ့တဆက်တည်းမှာရှိတဲ့ ပြင်ဦးလွင်မြို့ကို ပို့ဆောင်မှုတွေရှိနေတယ်လို့ လောက်ကိုင်ကပြန်ရောက်လာတဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီအရာ ရှိတဦးထံက သိရပါတယ်။

နည်းပြ၊ သင်တန်းသားစာရေးတွေနဲ့ ရှေ့တန်းစခန်းကုန်း

စစ်တပ်အင်အား မည်မျှအထိနည်းပါးနေသည်ကို မှတ်ချက်ပေးပြောဆိုဖို့ အနည်းငယ်ခက်ခဲသော်လည်း လက်ရှိ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေက ၎င်းတို့စစ်တပ်အင်အားမည်မျှအထိ ယုတ်လျော့နေတယ် ဆိုတာ ပေါ်လွင်နေပါတယ်။ 

ဇန်နဝါရီ ၃ ရက်မှာ ပြင်ဦးလွင်နဲ့ ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ နောင်ချိုမြို့နယ် သံဘိုရွာစခန်းကုန်းကို TNLA တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကုန်းတာဝန်ခံ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်နဲ့အတူ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒုဗိုလ်မှူးကြီး သက်အောင်ဟာ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းက နည်းပြအရာရှိ (ကထိက)တဦးဖြစ်ပြီး တနည်းအားဖြင့် တိုက်ပွဲအတွေ့ အကြုံမရှိတဲ့ စစ်တပ်ကျောင်းဆရာတဦးသာ ဖြစ်ပါတယ်။

သူ ဖမ်းဆီးခံရပြီးနောက် မှတ်တမ်းဓာတ်ပုံရိုက်ကူးရာမှာလည်း ရယ်မောနေတဲ့ အနေအထားနဲ့ဖြစ်ကာ စစ်တပ်လက်အောက်ကျောင်းဆရာကနေ ရှေ့တန်းစခန်းပို့ခံထားရတဲ့ဘဝအစား ဖမ်းဆီးခံရမှုအပေါ် ကျေနပ်နေဟန်ပါ။

ဒါ့အပြင် စခန်းကုန်းကသိမ်းပိုက်ရရှိတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေမှာ တပ်ယူနီဖောင်းဝတ်စုံတွေမှာ နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဘက်တံဆိပ်အပါအဝင် လက်ရုံးဝန်ထမ်း၊ တိုင်း/တပ်မ ဘက်တံဆိပ်အစုံမှာ တပ်ကြပ်ကြီးအဆင့်တပ်ဆင်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို တွေ့ရပါတယ်။

အဲ့ဒီဓာတ်ပုံမှတ်တမ်းတွေအရ အဆိုပါစခန်းကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြင်ဦးလွင်ရှိ တပ်မတော်အုပ်ချုပ်မှုကျောင်း(တအခ)မှာ ဖွင့်လှစ်တဲ့  စာရင်းကိုင်နဲ့စာရင်းစစ်သင်တန်းကို တက်ရောက်နေသူ တပ်ကြပ်ကြီး/စာရေးတွေလို့ အဆိုပါသင်တန်းကို တက်ရောက်ဖူးသူ CDM တပ်ကြပ်ကြီး/စာရေးတဦးက ပြောပါတယ်။

“ ကိုင်/စစ် (စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်း)က ၆ လ တက်ရတာ။ ခုက သင်တန်းတွေက သင်တန်းသားတွေပါ နီးစပ်ရာဆွဲစားနေတာ။ အဲ့ဒီကနေ ပြင်ဦးလွင်တဝိုက် လိုတဲ့စခန်းကုန်းတွေကို ပို့ထားတာမျိုး။ စစ်ရုံးဘက်တံဆိပ်နဲ့ စခန်းကုန်းမှာ ရောက်နေတာ သင်တန်းလာတက်တဲ့ တပ်ကြပ်ကြီး/စာရေးတွေကို ပို့ထားလို့” လို့ သူက ပြောပါတယ်။

တပ်ကြပ်ကြီး/စာရေးတွေဟာ ခြေလျင်/ခြေမြန် တပ်ရင်း/တပ်ဖွဲ့တွေကနေ နေပြည်တော် စစ်ရုံးအထိ ရုံးအစုံ ဌာနအစုံမှာရှိပေမယ့် ရုံးလုပ်ငန်းလုပ်ကိုင်တဲ့စစ်သားတွေဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံမရှိသလောက်ပဲလို့ ၎င်းက ဆက်ပြောပါတယ်။

 ထောင်တွင်းပေါ်တာ

ယခင်ကာလတွေမှာ စစ်တပ်ကနေစွန့်ခွာထွက်ပြေးနေတဲ့ တပ်အသီးသီးက ခွင့်မဲ့/စစ်ပြေးတွေကို ရွံရှာစရာကောင်းတဲ့ ရာဇဝတ်မှုကြီးတခုကျူးလွန်ထားသူလို ဆက်ဆံခဲ့တဲ့ စစ်ခေါင်းဆောင်အဆင့်ဆင့်ဟာ လက်ရှိမှာ ခွင့်မဲ့/စစ်ပြေးတွေကို ပြန်လာရင်အရေးမယူဘူးလို့ စစ်တပ်ပိုင် မီဒီယာတွေကတဆင့် ကြေညာပြီး ခေါ်ယူနေရပါတယ်။

ဒါ့အပြင် ခွင့်မဲ့/စစ်ပြေးမှုနဲ့ နယ်ဘက်အကျဉ်းထောင်တွေမှာ ထောင်ဒဏ်ကျခံနေရတဲ့ စစ်သားဟောင်းတွေကို ပြန်လည်ခေါ်ထုတ်ပြီး ကာလတိုမွမ်းမံစစ်သင်တန်းပေးကာ တိုက်ခိုက်ရေးပြန်လည်ပို့ဆောင်တဲ့အထိ လုပ်ဆောင်နေတာပါ။

“ခုပြန်ခေါ်ခံရတဲ့ ထောင်ကျစစ်သားဟောင်းတွေလည်း သူတို့ဆန္ဒအရတော့မဟုတ်ဘူး။ ဒီကာလမှာ စစ်ပြေးမှုနဲ့ ပြန်မိခဲ့တာပဲဖြစ်ဖြစ် ထောင်ထမင်း ၃ နပ်စားပြီး ထောင်ထဲပဲ သာသာယာယာနေချင်တဲ့သူတွေချည်းပဲ။ ဒါမယ့် ဥပဒေက သူတို့ (စကစ) လက်ခုပ်ထဲမှာပဲ ရှိနေတဲ့ အခြေအနေဆိုတော့ ငြင်းလို့လည်းရမှာ မဟုတ်ဘူး။ တနည်းအားဖြင့် ပေါ်တာပြန်ဆွဲခံရတာပဲ" လို့ ကပစတပ်ကနေ CDM ပြုလုပ်လာတဲ့ တပ်မတော်သား တပ်ကြပ်ကြီးတဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ အင်အားယုတ်လျော့နေတဲ့ စစ်တပ်က ၎င်းတို့စိုးမိုးပြီး တိုက်ပွဲဖြစ်ပွားမှုနည်းပါးတဲ့ ပဲခူးတိုင်းအတွင်းကရွာတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့ အမြန်ဖွဲ့စည်းနိုင်ရေး လူရွေးချယ်ပြီး စစ်သင်တန်းပေးဖို့အထိ ဖိအားပေးလာတာဖြစ်ပါတယ်။

မြောက်ပိုင်း ၃ ဖွဲ့က ရက်ပေါင်း ၈၀ နီးပါး တိုက်ခိုက်သိမ်းပိုက်မှုရဲ့ ရလဒ်အဖြစ် ရှမ်းမြောက်ကမြို့ ၁၆ မြို့မှာ စစ်တပ်ကင်းစင်သွားသလို တပြိုင်နက်တည်းမှာပဲ စစ်ကိုင်းဒေသအထက်ပိုင်းမှာ PDF တပ်တွေက ကောလင်းလို ခရိုင်မြို့ကြီးအပါအဝင် ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူးစတဲ့ ဒေသတွေကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပါတယ်။

လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တိုက်ဖို့ထက်အလံဖြူထောင်ဖို့သာ အားသန်နေပြီး စိတ်ဓာတ်နဲ့စွမ်းရည်ပိုင်းကျဆင်းမှုဟာ အောက်ခြေအဆင့်မှာတင်မဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေအကြားမှာပါ ဖြစ်ပွားနေတာလို့ CDM တပ်မတော်သားတွေက တပြိုင်တည်းထောက်ပြကြပါတယ်။ 

ခုကာလဟာ စစ်တပ်သမိုင်းတလျှောက် ရုပ်ပျက်ဆင်းပျက်အနိုင်ဆုံးနဲ့ ပျက်စီး၊ ကျဆုံးမယ့်အခြေအနေဖြစ်လို့ ERO မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်နေတာကို လက်ခုပ်တီးပြီး ဝန်းရံနေရုံတင်မဟုတ်ဘဲ  သက်ဆိုင်ရာနယ်မြေအလိုက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ မရ၊ ရတဲ့နည်းနဲ့ တိုက်ခိုက်ဖို့  အကောင်းဆုံးအချိန်လို့ ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပေးပါတယ်။ 

“လက်ရှိ အောက်ခြေစစ်သားတွေရော တပ်ချုပ်လုပ်နေတဲ့ မင်းအောင်လှိုင်ရော ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ တခါမှတွေးထားမှာ မဟုတ်ဘူး။ တပ်မမှူးလောက် ဗိုလ်ချုပ်အဆင့်မှာ ဖြစ်သွားတဲ့ကိစ္စတွေကို ကြည့်ပြီး အောက်ခြေစစ်သားတွေမှာ သွေးပျက်တဲ့ အခြေအနေကိုရောက်နေပြီ။ သွေးပျက်တာမှာ ဆောက်တည်ရာမရတဲ့ အနေအထားအထိပဲ”

#မြေလတ်အသံ

#ဆောင်းပါး #သုံးသပ်ချက် #စစ်တပ် #ဆုံးရှုံးမှု #၁၀၂၇စစ်ဆင်ရေး #MNDAA #AA #TNLA #PDF #ရှမ်းမြောက် #စစ်ကိုင်း #မြို့သိမ်းတိုက်ပွဲ #စခန်းသိမ်းတိုက်ပွဲ #သုံ့ပန်း #ဖမ်းဆီးရမိ #ဗိုလ်ချုပ် #တပ်မမှူး #ဒကစလောက်ကိုင် #ညီနောင်သုံးဖွဲ့ #ကောလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10