၂ နှစ်အတွင်းပျက်စီးသွားတဲ့ စစ်ကိုင်းကပြည်သူတွေဘဝ

၂ နှစ်အတွင်းပျက်စီးသွားတဲ့ စစ်ကိုင်းကပြည်သူတွေဘဝ

“ရွာထဲ တပ်တွေရုတ်တရတ်ဝင်လာတော့အသက်လုပြေးရတာ၊ အိမ်ကိုကျန်တာအကုန် ဒီအတိုင်း ပစ်ထားခဲ့တာ၊ ဟောင်းလောင်းပဲ၊ ဒီအတိုင်းကို ထားခဲ့တာ၊ ဖျက်ဆီးသွားမှာလည်းပူမနေတော့ပါဘူး။ ဘာပစ္စည်းမှလည်း မသယ်ခဲ့နိုင်ဘူး၊ အဝတ်တစ်ထည်ကိုယ်တခုနဲ့ထွက်ပြေးလာရတာပါပဲ“ လို့ စစ်ကိုင်းတိုင်း စစ်ရှောင်စခန်းတခုမှ အသက် ၆၀ ကျော်အရွယ် ဒေါ်အေးစိန် က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလဒုတိယပတ်ကစပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲ စီးနင်းနေသလို လေကြောင်းပစ်ခတ်မှုတွေပါပြုလုပ်ခဲ့လို့ ခင်ဦးဒေသခံနှစ်သောင်းနီးပါး နိုင်သမျှဆွဲကာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတဲ့ထဲ ဒေါ်အေးစိန်တယောက်လည်း အပါအဝင်ဖြစ်ပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်ခုခံဖို့ ဆုံးဖြတ်ခဲ့ကြသူများထဲတွင် စစ်ကိုင်းတိုင်း ဒေသခံတွေကအဓိက ပါဝင်ခဲ့ပါတယ်။ အခုဆိုရင်အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသတခုလုံး စစ်ရိပ်စစ်ငွေ့တွေသမ်းနေပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားထိတွေ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွာနေသလို နေ့တိုင်းနီးပါး ကျေးရွာတွေကို စစ်ကောင်စီတပ်တွေကဝင်ရောက် မီးရှို့မှုတွေဖြစ်ပေါ်နေတာပါ။
 
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့အတူ လက်အောက်ခံပျူတွေက ရွာတွေကို စီးနင်းဝင် ရောက်တာတွေ အိမ်တွေအတွင်ဝင်ရောက်ပြီး လုယက်ဖျက်ဆီး၊ မီးရှို့တာမှုတွေတောက်လျှောက်ပြုလုပ်နေတာကြောင့် စီးပွားရေးမှာ စိုက်ပျိုးရေးအဓိကထားလုပ်ကိုင်တဲ့ ဒေသတခုလုံး ထိခိုက်ပျက်စီးယိုယွင်းလာရပြီး နေထိုင်ရပ်တည်ဖို့ ခက်ခဲလာသလို အလုပ်အကိုင်ရှားပါးမှုတွေပါ ကြုံတွေနေတဲ့တိုင်း ဒေသကြီးတခု ဖြစ်လာခဲ့တာပါ။
 
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ထိကို နေအိမ်ပေါင်း ၂၇,၄၉၆ လုံး ဖျက်ဆီးခံခဲ့ရပြီး ဒေသခံအရပ်သားပြည်သူအများစု နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
 
“အိမ်ကတော့ ပြာဖြစ်သွားပြီ။ ဘာမှကို မကျန်ခဲ့တာ စစ်တပ်မီးရှို့ပြီး ပြန်ထွက်သွားတော့ ရွာနားသွားကြည့် သေးတယ်။ အိမ်နေရာမှာပြာပုံကြီးပဲ ကျန်တယ်။ မိသားစုထဲက အသက်ငယ်တဲ့ လူငယ်တွေက တောထဲကစစ်ရှောင်စခန်း တခုမှာအဆင်ပြေသလို နေကြတယ်။ ကျန်တဲ့အသက်ကြီးတဲ့ လူကြီးနှစ်ယောက်ကတော့ တောထဲမှာနေထိုင်ဖို့အဆင်မပြေလို့ ရွာနားနီးစပ် ဘုန်းကြီးကျောင်းတွေမှာ ထားထားတယ်” လို့ အိမ်မီး လောင်ပြာကျသွားတဲ့ အသက် ၃၅ နှစ်အရွယ် အလယ်ရှို့ကျေးရွာက ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
စစ်ကိုင်းတိုင်းအတွင်း ၂၀၂၂ ခုနှစ်အတွင်းမှာ ဧပြီ၊ မေ၊ ဇွန်လနဲ့ အောက်တိုဘာလ (၄)လဟာ နေအိမ်ပျက်စီးခံရမှုအရေအတွက် အများဆုံးလတွေဖြစ်ခဲ့ပြီး အဲဒီ ၄ လအတွင်း နေအိမ်ပေါင်း ၁၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ နေအိမ်ပျက်စီးမှုအများဆုံး (၄) မြို့နယ်ကတော့ ပုလဲ၊ ခင်ဦး၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်တွေဖြစ်ကြပြီး တမြို့နယ်စီမှာ နေအိမ်ပေါင်း ၂,၂၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar ရဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။
 
“ကန့်ဘလူကိုတော့ စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်‌ရောက်ပြီး၊ ညသန်းခေါင်အချိန်တွေမှာလည်း ထိတွေ့ တိုက်ပွဲမရှိပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ကျေးရွာတွေအတွင်း ဝင်ရောက်ပြီးဒေသခံတွေကို ဖမ်းဆီးတာတွေနဲ့အတူ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကန့်ဘလူတမြို့ နယ်ထဲကို စစ်ဘေးရှောင်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ” လို့ ကန့်ဘလူမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အနက် ၃၂ မြို့နယ်မှာ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတာလို့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေရဲ့ ကောက်ယူထားတဲ့စာရင်းတွေက ဖော်ပြနေပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ထိကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့်ဒေသခံပြည်သူတွေရဲ့ နေအိမ်ပေါင်း ၃၈,၃၈၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
 
အဲဒီပျက်စီးဆုံးရှုံးမှုအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၇,၄၉၆ လုံးနဲ့ အများဆုံး၊ မကွေးတိုင်းက ၇,၈၁၈ လုံးနဲ့ ဒုတိယအများဆုံး၊ ချင်းပြည်နယ်က ၁,၄၇၅ လုံးနဲ့ တတိယအများဆုံးဖြစ်ပါတယ်။
 
မီးရှို့ဖျက်ဆီးခံရမှု အခြေအနေတွေကို လအလိုက်လေ့လာကြည့်မယ်ဆိုရင် ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ မေလနဲ့ ဇွန်လ (၃)လဟာ နေအိမ်ပျက်စီးမှုအရေအတွက် အများဆုံးလတွေဖြစ်ခဲ့ပြီး အဲဒီ ၃ လအတွင်း နေအိမ်ပေါင်း ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
ပုလဲမြို့နယ်မှာ နေအိမ်ပေါင်း ၂,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် စစ်ကိုင်းတိုင်းမှာ အများဆုံးမီးရှို့ခံ ထားရတာပုလဲမြို့နယ်ဖြစ်ပါတယ်။
 
နေအိမ်ပေါင်း ၁,၀၀၀ နဲ့ အထက် မီးရှို့ခံ ရတဲ့ မြို့နယ်တွေကတော့ စစ်ကိုင်းတိုင်းအတွင်းက ခင်ဦး၊ ကလေး၊ ကနီ၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ အရာတော်၊ မင်းကင်း၊ ဝက်လက်၊ တန့်ဆည် စတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
နေအိမ် ၁၀၀ နဲ့ ၇၀၀ ကြား မီးရှို့ခံရတဲ့ မြို့နယ်တွေထဲမှာတော့ ယင်းမာပင်၊ ဆားလင်းကြီး၊ ရေဦး၊ မြောင်၊ မြင်းမူ၊ မော်လိုက်၊ ချောင်းဦး၊ စစ်ကိုင်း၊ ဝန်းသို၊ ဖောင်းပြင်နဲ့ ဘုတလင်မြို့နယ်တွေ ပါဝင်ပါတယ်။ နေအိမ် ၂ အိမ်နဲ့ ၁၀၀ ကြား မီးရှို့ဖျက်ဆီးခံရတဲ့ မြို့နယ်တွေကတော့ ကျွန်းလှ၊ ထီးချိုင့်၊ ကသာ၊ ကောလင်း၊ မုံရွာ၊ တမူး၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော်စတဲ့ မြို့နယ်တွေ ပါဝင်တယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်၊။
 
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့တာကို ခံခဲ့ရတဲ့နေအိမ် စုစုပေါင်း ၂၇၀၀၀ ကျော်အထိ ရှိလာနေပြီလို့ သုသေသနအဖွဲ့ တခုဖြစ်တဲ့ Data for Myanmar ကလည်း ဒီဇင်ဘာလ ၁၀ ရက်မှာ အချက်အလက်တွေ ထုတ်ပြန်ထားပါတယ်။
 
“မေလမှာရွာထဲကနေ ပြေးလာတာ ခုချိန်ထိ စစ်ရှောင်စခန်းမှာ နေထိုင်နေရဆဲပါ။ ၈ လကျော် ၉ လ နီးပါးရှိနေပါပြီ။ ပြန်ဖို့ဆိုတာကလည်း ပြန်စရာအိမ်ကို မရှိတော့တာ။ အိမ်ကပြာပုံဖြစ်ပြီး ရွာကလည်း စစ်တလင်းလို ဖြစ်နေတာ။ အခုနေနေတဲ့စစ်ရှောင်စခန်းမှာက အများနဲ့နေထိုင်ရတော့ အခက်အခဲတွေတော့ အများကြီးရှိတယ်။ အဆင်ပြေအောင်နေထိုင်ရတာပါပဲ။ ဆေးဝါး ခြုံထည် အစားအသောက် အကုန်လိုအပ် တာတွေအများကြီး ရှိတယ်။ စစ်ဘေးရှောင်တွေကလဲ တနေ့ထက်တနေ့ တိုးလာနေတော့ အလှူရှင်တွေကိုပဲ အားကိုးနေနေရတာပါပဲ” လို့ ပုလဲမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းခုက ဒေါ်လှလှ(အမည်လွှဲ)က ပြောပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10