၂ ရက်အတွင်း ကန့်ဘလူခရိုင် ရွာ ၃ ရွာက နေအိမ် ၆၀ မီးရှို့ခံရ

၂ ရက်အတွင်း ကန့်ဘလူခရိုင် ရွာ ၃ ရွာက နေအိမ် ၆၀ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျေးရွာသုံးရွာက နေအိမ် ၅၅ လုံးကို ၂ ရက်အတွင်း စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာသုံးရွာဟာ ချပ်သင်းရွာ၊ ပင့်သာရွာ နဲ့ အောက်တဲရွာ တို့ဖြစ်ပြီး မတ်လ ၄ ရက်နေ့က ကိုးတောင်ဘို့တိုက်နယ်ထဲမှာရှိတဲ့ အောက်တဲရွာကို မနက် ၆ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း (၁၃၇)က အင်အား ၅၀ ကျော်နဲ့ ကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။


“အဲဒီကျေးရွာ သုံးရွာက အကွာအဝေးတွေတော့ ကျနော်တို့ အတိအကျ ပြောမရပါဘူး။ ရွာတွေကို မီးရှို့တဲ့အဖွဲ့တွေကလည်း မတူပါဘူး။ အောက်တဲရွာက အခုအကြိမ်နဲ့ဆို မီးရှို့ခံရတာ တတိယအကြိမ်မြောက်ပါ။ နေအိမ်စုစုပေါင်း ၄၂ လုံး အထိ မီးလောင်သွားပါပြီ” လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ချပ်သင်းရွာထဲက အုတ်တိုက် (၇) လုံးကို ပျူစောထီးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားခဲ့ပြန်တယ်လို့ သိရပါတယ်။

အလားတူ မတ်လ ၄ ရက်နဲ့ ၅ ရက်နေ့မှာ ပင့်သာ(တည်ပင်)ရွာကို ပျူစောထီးတပ်ဖွဲ့တွေက အင်အား ၂၀၀ ကျော်နဲ့ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ပြည်သူပိုင်နေအိမ် ၅၁ လုံးနဲ့ လယ်ယာသုံးပစ္စည်းတချို့ မီးလောင်ပျက်စီးသွားပါတယ်။

“ပင့်သာရွာက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက ပထမအကြိမ် မီးရှို့ခံရတာပါ။ အခုအကြိမ်နဲ့ဆို လေးကြိမ်မြောက် ရှိပါပြီ။ နေအိမ် ၁၅၀ လုံးအထိ မီးလောင်ပျက်စီးသွားတယ်” လို့ အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။

အခုလက်ရှိမှာ ပျူစောထီးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးလိုက်တဲ့အတွက် ပျူစောထီးတပ်ဖွဲ့ဟာ ကန့်ဘလူခရိုင်ထဲက ကျေးရွာ‌တွေဖြစ်တဲ့ ကိုးတောင်ဘို့၊ ချပ်သင်း နဲ့ ပင့်သာတိုက်နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့မှုတွေ ဆက်တိုက်ပြုလုပ်လာတဲ့အတွက် ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်

စာတည်း - 007

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10