၂လကျော်အတွင်း မြောက်ခင်ရန်းရွာက ဒေသခံ ၁၀၀ ကျော်ကို YPDF ရဲဘော်တွေ ကယ်ထုတ်ပေးခဲ့

၂လကျော်အတွင်း မြောက်ခင်ရန်းရွာက ဒေသခံ ၁၀၀ ကျော်ကို YPDF ရဲဘော်တွေ ကယ်ထုတ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရှိ စစ်သားနဲ့ပျူစောထီးအားကောင်းတဲ့ မြောက်ခင်ရန်း ကျေးရွာက ဒေသခံရာကျော်ကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF ရဲဘော်တွေက ကူညီကယ်ထုတ်ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ပျူစောထီးအင်အားကောင်းတဲ့ မြောက်ခင်ရန်းရွာကနေ ၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၁၀၀ ခန့်ကို YPDF တပ်ဖွဲ့က ကူညီကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"ထွက်ပြေးလာသူ ၃၀၀ ဝန်းကျင်ရှိပါတယ်။ အဲ့ဒီထဲက ၁၀၀ ဝန်းကျင်က ကျနော်တို့နဲ့ ဆက်သွယ်လာတာပါ။ ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေများတယ် "လို့ YPDF ဗဟို အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ပြောပါတယ်။

ဒါ့အပြင် မြောက်ခင်ရန်းကျေးရွား ပတ်ပတ်လည်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက နင်းမိုင်းတွေ ထောင်ထားတာကြောင့် ရွာကနေထွက်ပြေးလာသူတွေထဲမှာ မိုင်းနင်းမိပြီး သေဆုံးသူတွေရှိသလို ခန္ခာကိုယ်ထိမှန်ပြီး ခြေထောက်ဖြတ်လိုက်ရသူတွေလည်း ရှိခဲ့ပါတယ်။ 

ထွက်ပြေးလာချိန် မြောက်ခင်ရန်းကျေးရွာအနီး ပျူစောထီးတွေထောင်ထားတဲ့ နင်းမိုင်းမိပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ကာကွယ်ရေးရဲဘော်တဦး ခြေထောက်တဖက်စီ ဆုံးရှုံးခဲ့ကာ လက်ရှိအချိန်ထိ လိုအပ်တဲ့ရှေးဦးသူနာပြုစုနည်းတွေနဲ့ကုသပြီး လုံခြုံတဲ့ဆေးခန်းတခုကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

"အမျိုးသမီးက ညာခြေထောက်ဖြတ်လိုက်ရတယ်။ ဆေးကုသနေပါတယ်။ ရဲဘော်က ဘယ်ခြေထောက် ဖြတ်လိုက်ရတယ်။" လို့ ရဲဘော်ယောလေးက ပြောပါတယ်။

မြောက်ခင်ရန်းပျူရွာမှ ထွက်ပြေးလူမြောက်လာသူတွေထဲမှာ YDF တပ်ဖွဲ့ဝင်အချို့ရဲ့ မိသားစုဝင်တွေ လည်း ပါဝင်ကာ ယခင် သူတို့ကို တပ်ရင်းနဲ့အနီးဆုံးနေရာမှာ နေထိုင်ဖို့စီမံပေးထားပြီး တချို့သူတွေကို တော့ သူတို့ရဲ့ဆန္ဒအရ မြို့နယ်/ရပ်ကျေး ပအဖ၊ ပကဖ တွေနဲ့ ချိတ်ဆက်ပြီး တခြားလွတ်မြောက်တဲ့ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။  

YPDF အဖွဲ့ဟာ ယောဒေသအတွင်းခြေကုတ်ယူကာ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ဂန့်ဂေါနယ်၊ မြစ်သာတမံမှာ တပ်စွဲထားတဲ့ ခလရ ၅၀ တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့ကို မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #ပျူစောထီးရွာ #မြောက်ခင်ရန်းရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10