၂၀၂၃ အတွင်း မြေလတ်ဒေသမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ (သတင်းဆောင်းပါး)

၂၀၂၃ အတွင်း မြေလတ်ဒေသမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ (သတင်းဆောင်းပါး)

 

နိုင်ငံတဝှမ်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ စစ်မျက်နှာဖွင့် တိုက်ခိုက်မှုများကြောင့် အင်အားချိနဲ့လာသည့် အာဏာသိမ်းစစ်တပ်သည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက စတင်ပြီး လေကြောင်းကို အဓိကစစ်ရေးဗျူဟာအဖြစ်အသုံးပြုခဲ့ရာ ၂၀၂၃ တွင် လေကြောင်း တိုက်ခိုက်မှုများကို ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့သည်။ 

ယင်းကဲ့သို့လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်များသာမဟုတ်ဘဲ ဂျီနီဗာကွန်ဗန်းရှင်းအရ အကာအကွယ် ပေးရမည့် ဒေသခံနေအိမ်များ၊ စာသင်ကျောင်းများ၊ စစ်ရှောင်စခန်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများနှင့် ဘာသာရေးအဆောက်အအုံများ စသည့်အရပ်သားများနှင့်နီးစပ်သည့် နေရာများကိုပါ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် အရပ်သားပြည်သူရာချီ သေဆုံးခဲ့ရသည်။  

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြေလတ်ဒေသ (စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း)ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၄၉ ကြိမ်ပြုလုပ်ခဲ့သည်။ 

အထက်ပါအရေအတွက်သည် ဖြစ်စဥ်ဖြစ်ပွားသည့်နေရာကို လေကြောင်းနှင့် တကြိမ်ပစ်ခတ် တိုက်ခိုက်မှုကို တကြိမ်နှုန်းအဖြစ် သတ်မှတ်ရေတွက်ထားခြင်းဖြစ်သည်

အထက်ပါ အကြိမ်ရေအရဆိုလျှင် စစ်ကောင်စီသည် တနှစ်ပတ်လုံးတွင် ပျမ်းမျှအားဖြင့် နေ့စဉ်တကြိမ် ဗုံးကြဲတိုက်ခိုက်သည့် သဘောပင် ဖြစ်သည်။

ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူစုစုပေါင်း ၂၄၀ ဦးသေဆုံးခဲ့သည်။ ၎င်းတို့အနက် အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၅၃ ဦး၊ အသက် ၅ နှစ်အောက် ကလေးငယ်တွေအပါအဝင် ကလေးသူငယ် ၄၅ ဦး၊ ဘုန်းကြီး ၃ ပါးနှင့် အချက်အလက်မသိရှိရသူ ၁၁ ဦးပါဝင်သည်။ 

စစ်ကိုင်းတိုင်းတွင် တိုက်ခိုက်မှု ၁၂၄ ကြိမ်၌ သေဆုံးသူ ၂၂၅ ဦး၊ ပဲခူးတိုင်းတွင် တိုက်ခိုက်မှု ၁၉၄ ကြိမ်၌ သေဆုံး သူ ၁၂ ဦး၊ မကွေးတိုင်းတွင် တိုက်ခိုက်မှု ၃၁ ကြိမ်၌ သေဆုံးသူ ၃ ဦးရှိခဲ့သည်။  

ထို့အပြင် စုစုပေါင်း ဘာသာရေးအဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၇ ကျောင်းအပါအဝင် နေအိမ် အဆောက်အဦ ၁၁၂ ခု ထိခိုက်ပျက်စီးခဲ့သည်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်၊ ပုလဲမြို့နယ်၊ ရေဦးမြို့နယ်၊ အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း စုစုပေါင်း ဘုန်ကြီးကျောင်း ၆ ခု ထိခိုက်ပျက်စီးခဲ့ပြီး ပဲခူးတိုင်း ထန်းတပင်မြို့နယ်တွင် ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် မုန်းမြို့နယ်တွင် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။   

အထက်ပါ အရေအတွက်သည် မြေလတ်အသံသတင်းဌာနတွင် ဖော်ပြခဲ့သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအတွင်းက လေကြောင်းတိုက်ခိုက်မှု အချက်အလက်များကို ပြုစုဖော်ပြထားခြင်းဖြစ်ပြီး မြေပြင်တွင် ထိုအရေအတွက်ထက် ပိုများနိုင်သည်။

စစ်ကောင်စီသည် ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များ တိုက်ပွဲအတွင်းအရေးနိမ့်သည့်အခါ ပစ်ကူပေးခြင်း၊ PDF များရှိသည်ဟုယူဆသည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ တိုက်ပွဲဖြစ်ပြီးနောက် အနီးရှိကျေးရွာများကို တိုက်ခိုက်ခြင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများရှိသည့် စခန်းနေရာနှင့် အဆောက်အဦများကိုတိုက်ခိုက်ခြင်းများတွင် လေကြောင်းကို အသုံးပြုခဲ့ကြသည်။ 

ထိုလေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။ 

အောက်ဖော်ပြပါဖြစ်စဉ်များသည် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရာနှင့်ချီသည့် အရပ်သားသေဆုံးမှုအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရခဲ့ကြသည့် ဖြစ်စဉ်များကို ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။

 

ပဇီကြီးကျေးရွာတိုက်ခိုက်မှု 

၂၀၂၃ တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် အထင်ရှားဆုံးမှာ လူပေါင်းရာချီ သေဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာ တိုက်ခိုက်မှုဖြစ်သည်။ 

ဧပြီ ၁၁ ရက် နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာထိပ်ရှိ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ရုံး ဖွင့်ပွဲပြုလုပ်နေချိန် စစ်ကောင်စီက Yak - 130  တိုက်ခိုက်ရေး လေယာဥ်တစီးဖြင့် ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။  

ပုံစာ - ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်ပြီးချိန် တွေ့ရစဥ်။
ပုံစာ - ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်ပြီးချိန် တွေ့ရစဥ်။

ထိုရုံးဖွင့်ပွဲတွင် အကျွေးအမွေးနှင့်ဧည့်ခံသည့်အတွက် ပဇီကြီးကျေးရွာအပါအဝင် အနီးကျေးရွာက ဒေသခံများလည်း လာရောက်စားသောက်ကြရာ လူစုလူဝေးဖြစ်နေချိန်တွင် ဗုံးကြဲတိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။ 

ဗုံးကြဲပြီးနောက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းမှာလည်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများကို Mi 35 ရဟတ်ယာဥ်များနှင့် အနီးကပ်ပစ်ခတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။  

အိမ်ခြေ ၂၃၀ ရှိသည့် ပဇီကြီးရွာကို စစ်ကောင်စီက တနေ့တည်း ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ ကလေးသူငယ် ၃၈ ဦး၊ ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီး ၂၅ ဦးအပါအဝင် အရပ်သား ၁၇၄ ဦးသေဆုံးခဲ့သည်။   

ပုံစာ - ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်ပြီးချိန် တွေ့ရစဥ်။
ပုံစာ - ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်ပြီးချိန် တွေ့ရစဥ်။

ထို့အပြင် ဒီဇင်ဘာ ၂၀ ရက်မှာလည်း ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ပဇီကြီးရွာကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲသည့်အပြင် မြေပြင်စစ်ကြောင်းထိုးကာ ပဇီကြီးကျေးရွာရှိ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။  

စစ်ကောင်စီ၏ အဆိုပါ တိုက်ခိုက်မှုကြောင့် ပဇီကြီးရွာအပါအဝင် ရွာသာယာ၊ လေးတွင်းစင်၊ မယ်ဇတော၊ မလည်၊ ထနောင်းကိုင်းကြီးစသည့် ကျေးရွာများမှ ဒေသခံ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ 

ပုံစာ - ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်ပြီးချိန် တွေ့ရစဥ်။
ပုံစာ - ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်ပြီးချိန် တွေ့ရစဥ်။

 

ညောင်ကုန်းရွာတိုက်ခိုက်မှု 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ဇွန် ၂၇ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် တိုက်လေယာဥ်နှင့်  ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦး ထိခိုက်သေဆုံးခဲ့သည်။ 

ပထမအကြိမ် ဗုံး ၂ လုံးကြဲချခဲ့ပြီးနောက် ၁၀ မိနစ်အကြာတွင် နောက်ထပ်ဗုံး ၁ လုံး ထပ်မံကြဲချကာ စက်သေနတ်များနှင့် အနီးကပ်ပစ်ခတ်ခဲ့ရာ ဘုန်းကြီး ၁ ပါးအပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများမှာ အသက် ၂၂ နှစ်မှ ၇၀ ဝန်းကျင်များဖြစ်ကြပြီး  မိသားစုဝင် ၅ ဦးပါဝင်သည်။ 

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်ကြီးကျောင်းဆောင် ၁ ခုနှင့် နေအိမ် ၁၃ လုံး မီးလောင် ပျက်စီးခဲ့ရသည်။ ညောင်ကုန်းကျေးရွာသည် ပုလဲမြို့နှင့် ၃ မိုင်အကွာ အိမ်ခြေ ၂၀၀ ရှိသည့် ကျေးရွာတရွာဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် ဒေသခံများလည်း ရွာကနေတိမ်းရှောင် ထွက်ပြေးခဲ့ကြရသည်။ 

ပုံစာ - ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း။
ပုံစာ - ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း။

စစ်တပ်ဝါဒဖြန့်ချန်နယ်များမှာတော့ ညောင်ကုန်းကျေးရွာတွင် PDF များ အစည်းအဝေး လုပ်နေသည့်အတွက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ကြပြီး ဒေသခံများကတော့ ရွာထဲတွင် မည်သည့် PDF မှ မရှိဘဲ ဒလန်၏ သတင်းပေးအမှားသာ ဖြစ်နိုင်ကြောင်း ပြောဆိုထားခဲ့သည်။ 

 

ကိုးတဲကျေးရွာတိုက်ခိုက်မှု 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကိုးတဲကျေးရွာကို ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦး၊ ကိုယ်ဝန်သည် ၁ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့သည်။

ကြဲချလိုက်သည့် ဗုံးသည် ကိုးတဲကျေးရွာရှိ နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၈ နှစ် အရွယ် အမွှာသမီး ၂ ဦး၊ အသက် ၁၁ နှစ်အရွယ် သား ၁ ဦးနှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။ 

ထို့နောက် ဗုံးကျရောက်ခဲ့သည့် အိမ်အနီးတွင် စစ်ရှောင်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နောက်ထပ် အမျိုးသမီးကိုပါ ဗုံးစထိမှန်သေဆုံးခဲ့ရာ တနေ့တည်းနှင့် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

ကိုးတဲရွာသည် ထီးချိုင့်မြို့၏ ဧရာဝတီမြစ်တဖက်ကမ်းတွင်ရှိပြီး ကာကွယ်ရေးတပ်များမှ နယ်မြေ စိုးမိုးထား သောကြောင့် ထီးချိုင့်မြို့နှင့်အနီးဝန်းကျင်မှ ဒေသခံများမှာ ထိုရွာဘက်သို့ လာရောက် စစ်ရှောင်နေကြခြင်း ဖြစ်သည်။ 

 

ဗဟင်းတိုက်နယ်ဆေးရုံတိုက်ခိုက်မှု 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာတိုက်နယ်ဆေးရုံကို စစ်ကောင်စီက ပစ်မှတ်ထားကာ လေကြောင်းနှင့် ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံအနောက်ဘက်ရှိ နေအိမ်တအိမ်မှ အသက် ၃၀ အရွယ် အမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးခဲ့သည်။ 

ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၁ နာရီခွဲတွင် လေကြောင်းနှင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ကျော့ပြန် ပစ်ခတ်ခဲ့ကာ ဆေးရုံအတွင်း အချက် ၂၀ ကျော်၊ ဆေးရုံအနီးရှိ စာသင်ကျောင်းထဲကို ၅ ချက် ပစ်ခတ်ခဲ့သည်။ 

“ဆေးရုံကို ဦးတည်ပြီးပစ်တာ၊ ပင်မဆောင်တို့၊ ဓာတ်ခွဲခန်းတို့ကို စပစ်တယ်။ ခွဲခန်းဝင်နေတဲ့လူနာတွေလည်း ရှိတယ်။ ခွဲခန်းဝင်နေရင်း တန်းလန်းကို လေယာဉ်နဲ့ လာပစ်တဲ့အခါကျတော့ ကသောင်းကနင်းပဲ။ ဆေးရုံထဲက ပစ္စည်းတွေလည်း ကွဲတဲ့ဟာကကွဲ၊ တိုက်လဲတာကလဲနဲ့ တော်တော်ကို မွစာတက်သွားတယ်။ ရစရာမရှိအောင်ကို ပစ်ထားတယ်” ဟု  ဗဟင်းရွာဒေသခံတဦးက အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြေလတ်အသံကို ဖြေဆိုထားသည်။ 

ပစ်ခတ်ခံရသည့်အချိန်တွင် ထိုဆေးရုံတွင် ဆေးကုသနေသည့် လူနာ ၅၀ ဝန်းကျင်ရှိပြီး ထိခိုက်မှုအချို့လည်းရှိခဲ့ကာ တခြားကျေးရွာရှိ ကျေးလက်ဆေးပေးခန်းများဆီကို ချက်ချင်းရွှေ့ပြောင်းပေးခဲ့ရသည်။ 

ထိုဆေးရုံအနီးတွင် ဒေသခံကာကွယ်ရေးတပ်များ အစည်းအဝေးလုပ်နေသည်ဟုဆိုကာ စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Rocket များအပြင် စက်လတ်များကိုပါအသုံးပြုပစ်ခတ်သည့်အတွက် ထိခိုက် ပျက်စီးမှုများလည်း ရှိခဲ့သည်။ 

 

အထက်ပါဖော်ပြခဲ့သည့် ဖြစ်စဥ်များအပါအဝင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် ရုရှထုတ် Mi 35, Mi 2,YAK 130, MiG 29 နှင့် တရုတ်ထုတ် K8W, F7 စသည့် တိုက်လေယာဥ်၊ ရဟတ်ယာဉ်များကို အဓိက အသုံးပြုတိုက်ခိုက်ခဲ့ပြီး Mi 35 ရဟတ်ယာဉ် အမျိုးအစားကို အကြိမ်ရေ ၁၀၀ နှင့်အထက် အသုံးပြုခဲ့သည်။ 

တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် ၃၀ မမ၊ ၅၇ မမ၊ ၈၀ မမ အမျိုးအစား ရော့ကတ်လောင်ချာများ ဖြင့် လှည့်ပတ်ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်လေယာဉ်များတွင်လည်း Kg ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ၅၇ မမ၊ ၈၀ မမ အမျိုးအစားရော့ကတ်လောင်ချာများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ ပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေမှု များနှင့်ပတ်သက်ပြီး လေတပ်အရာရှိဟောင်းတဦးက ယခုလို သုံးသပ်ပြောဆိုထားသည်။ 

“သူတို့ဆီမှာ သစ္စာလေးချက်ကို ပါးစပ်ဖျားကပဲ ဆိုနေကြတာပါ။ ပြည်သူကို ရေလို၊ လလိုမကျင့်ဘဲ ရန်သူလို သဘောထားပြီး နေလို၊ မီးလိုကျင့်နေတာ။ မင်းအောင်လှိုင်နဲ့ လူတစု အာဏာတည်မြဲရေး အတွက် စတေးခံနေကြတဲ့ သူတွေအနေနဲ့ အမြန်ဆုံးအမြင်မှန်ရကြပါစေလို့ပဲ ပြောချင်ပါတယ်” 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #၂၀၂၃ #စစ်တပ် #မြေလတ်ဒေသ #လေကြောင်းတိုက်ခိုက်မှု #အရပ်သား #သာသနိကအဆောက်အအုံ #ပစ်မှတ် #တိုက်ခိုက် #သေဆုံး #အစုလိုက်အပြုံလိုက် #သတ်ဖြတ်မှု #ပဇိကြီး #ဗုံးကြဲတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10