၃ နှစ်ကြာ စစ်ရှောင်နေရသူတွေကို ထိုင်းရောက်မြန်မာတွေက ဆန်ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကာလရှည်စစ်ရှောင်နေရတဲ့ မှန်တောရွာနဲ့ ဆည်တောရွာ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေတဲ့အတွက် ရိက္ခာဆန်တွေကို သြဂုတ် ၂၅ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

အဲဒီစစ်ရှောင်တွေမှာ အိမ်ထောင်စု ၁၅၀ လူဦးရေ ၅၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်နှုန်းနဲ့စုစုပေါင်း ဆန် ၁၂၀၀ ပြည် (၇၅ တင်း) ကို ထိုင်းနိုင်ငံတောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစု တော်လှန်ပြည်သူတွေက ထောက်ပံ့ပေးခဲ့တာပါ။

စစ်ရှောင်ပြည်သူတွေမှာ အလုပ်အကိုင်ရှားပါပြီး ယခုမိုးတွင်းကာလမှာ နှမ်းခုတ်၊ နှမ်းခါတဲ့ အလုပ်ကို လုပ်ကိုင်နေကြသလို စားဝတ်နေရေး ပြေလည်ဖို့ ကြုံရာအလုပ်တွေကို လုပ်ကိုင်နေရတယ်လို့ Lighthouse အဖွဲ့ တာဝန်ခံကိုသူရိန်က ပြောပါတယ်။

စစ်ရှောင်မိသားစုတွေရဲ့ ကလေးငယ်တွေကို အဲ့ဒီစခန်းမှာရှိတဲ့ CDM ကျောင်းဆရာ၊ ဆရာမတွေက ပညာသင်ကြားပေးနေပြီး ကျန်းမာရေးအတွက် ကျန်းမာရေးအခြေပြုအဖွဲ့များက ဆေးဝါးကုသပေးရာမှာ ဆေးဝါးမလုံလောက်တဲ့ အခက်အခဲလည်းရှိတယ်လို့ ဆိုပါတယ်။

ကလေးနယ် မှန်တောကျေးရွာ စစ်ရှောင်ပြည်သူတွေမှာ ၂၀၂၁ မေလအတွင်းမှစပြီး စစ်ရှောင်နေရတာ ၃ နှစ်ကျော်ကြပြီဖြစ်သလို ဆည်တောကျေးရွာမှာလည်း ၂၀၂၃ စက်တင်ဘာလလယ်ပိုင်းမှာ စတင်စစ်ရှောင်နေရပြီး ၁ နှစ်ကျော်ကြာမြင့်နေသလို အဲ့ဒီကျေးရွာတွေမှာ စစ်တပ်ကအထိုင်ချတပ်စွဲထားတဲ့အတွက် နေရပ်မပြန်နိုင်ကြဘဲ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ကလေး #စစ်ရှောင်ပြည်သူ #ထိုင်းရောက်မြန်မာ #ဆန်ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10