၅ နှစ်ကျော်အကြာ ရေမကြီးတဲ့ မုံရွာမြို့တောင်ပိုင်းမှာ ရေကြီးရေလျှံဖြစ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တောင်ပိုင်းရှိ ရပ်ကွက်နဲ့ ကျေးရွာများမှာ မိုးရွာသွန်းတာမရှိဘဲ ဇွန် ၇ ရက်နေ့မှစပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ Defender Of Motherland Force - DOMF တပ်ဖွဲ့ဆီက သိရပါတယ်။

၅ နှစ်ကျော်အကြာ ရေကြီးမှုမဖြစ်ခဲ့တဲ့ မုံရွာတောင်ပိုင်း အမှတ် ၄ နယ်မြေနဲ့ ဘုဘရွာ၊ ချမ်းသာကျွန်းရွာ၊ ပန်းခြံရွာ၊ ကျွန်းကြီးအုပ်စုရွာ၊ ညောင်ဖြူပင်ရွာ၊ မှန်ရိုးကုန်းရွာ၊ ချောင်းကောက်ရွာ စတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှာ ချင်းတွင်းမြစ်ရေမြင့်တက်လာတာကြောင့် ရေကြီးရေလျှံဖြစ်နေကြတာပါ။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးတာမျိုးမဟုတ်ဘဲ ချင်းတွင်းမြစ်ရေကြီးရာမှတဆင့် ၂ ရက်အတွင်း ၆ ပေကျော်အထိ ရေဝင်လာတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။

ချင်းတွင်းမြစ်ရေ မထင်မှတ်ဘဲ တက်လာတာကြောင့်  မုံရွာမြို့တောင်ပိုင်းက ကျေးရွာတွေနည်းတူ DOMF တပ်ဖွဲ့ မှာလည်း သူတို့စခန်း ရေမြုပ်သွားတာကြောင့် ပြည်သူတွေနဲ့အတူ ရေလွတ်ရာ ကုန်းမြင့်တွေမှာ နေကြရတယ်လို့ တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုဂျိမ်းကပြောပါတယ်။

လက်ရှိမှာ ရေကြီးရေလျှံဖြစ်နေတဲ့အတွက် သောက်သုံးရေ ပြတ်လပ်နေပြီး မသန့်ရှင်းတဲ့တွေ အသုံးပြုနေကြရလို့ ဒေသခံတချို့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်နေသလို ဆေးဝါးတွေနဲ့ အသုံးဆောင်ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဒေသခံ အမျိုးသမီးက ဆိုပါတယ်။

မုံရွာမြို့တောင်ပိုင်းမှာ အခုလိုရေကြီးရေလျှံမှုတွေ ဖြစ်နေတာကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ ကွမ်းခြံ၊ ပြောင်းဖူးခင်း၊ နှမ်းစိုက်ခင်းနဲ့ စပါးခင်းတွေလည်း ရေနစ်မြုပ်လို့ ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ချင်းတွင်းမြစ် #ရေကြီးရေလျှံ #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10