၇ နှစ်အရွယ် တူမဝမ်းကွဲကို အဓမ္မကျင့်တိမ်းရှောင်နေတဲ့ စစ်သားဟောင်းကို PDF က ဖမ်းဆီး

၇ နှစ်အရွယ် တူမဝမ်းကွဲကို အဓမ္မကျင့်တိမ်းရှောင်နေတဲ့ စစ်သားဟောင်းကို PDF က ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ အသက် ၇ နှစ်အရွယ်တူမဝမ်းကွဲကို အဓမ္မကျင့်ပြီး တိမ်းရှောင်နေတဲ့ စစ်သားဟောင်းတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဇီးကုန်းမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇီးကုန်းမြို့နယ် သင်ကန်အုပ်စု ခရုချောင်းရွာက အသက် ၃၁ နှစ်အရွယ် အောင်သူဟာ အဓမ္မပြုကျင့်ပြီး ပဲခူးရိုးမအစပ်မှာ တိမ်းရှောင်နေချိန် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers  က ဩဂုတ် ၁၆ ရက်က ဖမ်းဆီးကာ ဩဂုတ် ၂၄ ရက်က ဇီးကုန်းပကဖကို လွှဲပြောင်းခဲ့တာလို့ ပြောပါတယ်။

အောင်သူဟာ တမြို့နယ်တည်းနေတဲ့ ရွှေဖလားအုပ်စု၊ ……….ရွာက အသက်  ၇ နှစ်အရွယ် တူမတဝမ်းကွဲကို အဲဒီရွာမှာပဲ ဩဂုတ်လ ဒုတိယပတ် ညပိုင်းမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကောင်က အဲဒီကိစ္စဖြစ်ပြီး ပြေးလာတာ၊ တပ်ခွဲ ၆ က ရဲဘော်တွေက ဖမ်းပြီးမေးတော့ သူက ဓားထိုးမှုဖြစ်ပြီး ပြေးလာတာလို့ပြောတာ။ ကျနော်တို့ ဇီးကုန်း ပကဖ က စစ်ဆေးမေးမြန်းတော့မှ မုဒိမ်းကျင့်ပြီး ပြေးလာတယ် ဆိုတာသိရတာ” လို့ ဇီးကုန်းမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အောင်သူဟာ နှမဝမ်းကွဲ(အဓမ္မပြုကျင့်ခံရသူအမေ)အိမ်ကို အရက်မူးကာ ဝင်ခဲ့ပြီး ကလေးကို နေအိမ်နောက်ကို ခေါ်ကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ်က အမေဖြစ်သူကို အော်ခေါ်ပြီး နေအိမ်အတွင်းပြန်ဝင်သွားတဲ့အတွက် ထွက်ပြေးခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့  သူက ဆက်ပြောပါတယ်။

ဇီးကုန်းမြို့နယ် ပကဖက ပြစ်မှုကျူးလွန်တဲ့ အောင်သူကို စစ်မေးထားတဲ့ ဗီဒီယိုမှာလည်း  အောင်သူဟာ သူငယ်ချင်းတဦးကို တွေ့ဆုံပြီးအပြန်မှာ တူမဝမ်းကွဲကို အရက်မူးကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားပြီး သူကလွန်ခဲ့တဲ့  ၁၀ နှစ်ခန့်က ခမရ ၄၁၈ မှာ ကိုယ်ပိုင်အမှတ် တ/၄၈၃၄၂၁ နဲ့  တပ်သားအဖြစ် ၂ နှစ် တာဝန်ထမ်းခဲ့သူဖြစ်တယ်လို့လည်း ထွက်ဆိုထားတာကို တွေ့ရပါတယ်။

သူ့ကို ဩဂုတ် ၂၆ ရက် ဒီနေ့အထိ ဇီးကုန်းပကဖ စခန်းမှာ ချုပ်နှောင်ထားပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့  ညွှန်ကြားချက်နဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - အဓမ္မပြုကျင့်သူကို ဖမ်းဆီးစစ်မေးမှုမြင်ကွင်း။

#မြေလတ်အသံ

#ပဲခူးတိုင်း #ဇီးကုန်းမြို့ #အဓမ္မပြုကျင့် #စစ်သားဟောင်း #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10