၈ သိန်းပေးပြီး ပြည်သူ့စစ်ထဲအပို့ခံရတဲ့လူငယ် ထွက်ပြေးလို့ စစ်တပ်က ငွေပြန်တောင်း

၈ သိန်းပေးပြီး ပြည်သူ့စစ်ထဲအပို့ခံရတဲ့လူငယ် ထွက်ပြေးလို့ စစ်တပ်က ငွေပြန်တောင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ ညဖက်ဖမ်းခံရတဲ့လူငယ်တယောက်ကို စစ်တပ်က ပိုက်ဆံပေးပြီး ပြည်သူ့စစ်ထဲဝင်ခိုင်းခဲ့ရာ လူငယ်ဖြစ်သူက ရရှိတဲ့ငွေကိုယူပြီး ထွက်ပြေးသွားလို့ မိသားစုထံကငွေပြန်တောင်းကာ ဆိုင်ကယ်ပါ သိမ်းသွားတယ်လို့ အောင်လံမြို့ခံတဦးက ပြောပါတယ်။ 

အောင်လံမြို့ ဇေယျဝတီရပ်ကွက်က အသက် ၂၄ နှစ်အရွယ်ဝန်းကျင် မောင်အောင်မြင့်မြတ်ကို ပြည်သူ့စစ်ထဲဝင်ဖို့ စစ်သား ၂ ဦးက မကွေးမြို့ကို လိုင်းကားနဲ့ ခေါ်သွားချိန် ဖေဖေါ်ဝါရီ ၅ ရက် မနေ့လယ်က ကိုးပင်ရွာထမင်းဆိုင်မှာ ကားရပ်ချိန် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

သူ့ကို ဇန်နဝါရီ ၂၈ရက် ညက အောင်လံမြို့ မြို့ပတ်လမ်းမှာ ရဲတပ်ဖွဲ့ ကင်းလှည့်ချိန် ဆေးခြောက်တွေ့တယ်ဆိုကာ ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးထားချိန်မှာ ပြည်သူ့စစ်ထဲဝင်ရင် ပြစ်ဒဏ်ကလွတ်ကင်းပြီး ငွေကျပ် ၈ သိန်းပေးမယ်ဆိုတာကြောင့် ပြည်သူ့စစ်ထဲဝင်ခဲ့တာလို့ ဆိုပါတယ်။ 

”စစ်တပ်ကပေးတဲ့ ငွေ ၈ သိန်းထဲက ၂ သိန်းကို သူ့ရဲ့ အဖိုးနဲ့အဖွားကို စစ်သားတွေနဲ့အတူ သွားကန်တော့ပြီး အဲဒီနေ့ပဲ မကွေးကိုပို့တာမှာ ကောင်‌လေးက လမ်းမှာ ၆ သိန်းပိုက်ပြီး ထွက်ပြေးသွားတာ“ လို့ အဲဒီလူငယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ထွက်ပြေးသွားတဲ့ ညနေမှာပဲ စစ်သားတွေက အဖိုးအဖွားဆီက ငွေ ၂ သိန်းကို ပြန်တောင်းကာ မောင်အောင်မြင့်မြတ်ရဲ့  ဆိုင်ကယ်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သူက ဆက်ပြောပါတယ်။

သာယာဝတီခရိုင်ထဲက တရားလွှတ်တော် ရှေ့နေတဦးကလည်း ”ပြစ်ဒဏ်မကျခံချင်ရင် စစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့ထဲကို ဝင်ခိုင်းတာဟာ ဥပဒေနဲ့ ညီညွှတ်မှုမရှိလို့ အဲဒီလို ပြောခွင့်မရှိပါဘူး။ သာမန်အရပ်သားပြည်သူက မသိနားမလည်တာကို အခွင့်ရေးယူပြီး ဒီလိုလုပ်တာ ဒီလိုပြောလိုက်ခြင်းဟာ လက်ရှိ တရားစီရင်ရေးဆောင်ရွက် နေသူတွေ စီမံအုပ်ချုပ်နေသူတွေက ဘယ်ကောင်မှ ဂရုစိုက်စရာမလိုဘူး ဆိုတဲ့ သဘောသက်ရောက်နေသလို လက်ရှိတရားစီရင်ရေးမှာ  ဥပဒေနားမလည်တဲ့ ပြည်သူတွေကို လုပ်ပိုင်ခွင့်အာဏာရှိသူတွေက ဥပဒေမဲ့ အနိုင်ကျင့်ပြီး  ပြည်သူကို ဒုက္ခပေးနေတယ်ဆိုတာ သိသာထင်ရှားစေပါတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်ထဲကို အတင်းအကြပ်ခေါ်ဆောင်ပြီး လက်နက်ကိုင်တပ်ဖွဲ့ထဲကို စစ်မှုထမ်းခိုင်းတာဟာ ပို့ဆောင်ခံရသူဟာ အပြစ်ကျူးလွန်ခဲ့ရင်တောင် ကျူးလွန်တဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်ပေးတယ်လို့ သတ်မှတ်မရဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းကလည်း ပေါင်းတည်မြို့နယ်က အရက်မူးယစ်ရမ်းကားသူ ၆ ဦးထက် မနည်းကို ဥပဒေအရ အရေးယူခြင်းမရှိဘဲ ပြည်သူ့စစ်ထဲကို ပို့ဆောင်ခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရစ်မြစ်တဦးဆီက သိရပါတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အောင်လံမြို့နယ် #စစ်ကောင်စီ #လူငယ် #ပြည်သူ့စစ် #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10