ABSDF တပ်ရင်း ၁၂ က စိုက်ပျိုးထားတဲ့နှမ်းတွေကိုရိတ်သိမ်း၊ မိသားစုဝင် နှမ်းခင်းတွေကိုလည်း ကူရိတ်ပေး

ABSDF တပ်ရင်း ၁၂ က စိုက်ပျိုးထားတဲ့နှမ်းတွေကိုရိတ်သိမ်း၊ မိသားစုဝင် နှမ်းခင်းတွေကိုလည်း ကူရိတ်ပေး

မကွေးတိုင်း၊ ယောဒေသအခြေစိုက် တပ်ရင်း ၁၂ မှာ စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကို စတင်ရိတ်သိမ်း နေသလို တပ်ဖွဲ့ဝင်မိသားစုတွေရဲ့နှမ်းခင်းတွေကိုလည်းကူညီရိတ်သိမ်းပေးနေတယ်လို့ ABSDF Column 3 သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်ဆီက သိရပါတယ်။

မေလအတွင်းက စိုက်ပျိုးခဲ့တဲ့ တပ်ဖွဲ့ပိုင် နှမ်းစိုက်ခင်း ၈ ဧက ကျော်ကို ဩဂုတ် ၁၀ ရက်ဝန်းကျင်က စတင်ရိတ်သိမ်းနေတာဖြစ်တယ်လို့ဆိုပါတယ်။

“ရရှိလာတဲ့ဆီကို တပ်တွင်းစားသုံးဆီအတွက် အဓိကအသုံးပြုသွားမှာပါ ။ တပ်ဖွဲ့ဝင်ထဲက မိသားစု ဝင်တွေစိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကိုလည်း ကျနော်တို့ရဲဘော်တွေက ကူညီရိတ်သိမ်းပေးတာတွေလည်း လုပ်ခဲ့ပါတယ် " လို့ ကိုပြည့်ဖြိုးကျော်ကပြောပါတယ်။

ABSDF Column 3 ဟာ နှမ်းစိုက်ခင်းအပြင် စပါး ၃ ဧကနဲ့အခြားသီးနှံတွေကိုလည်း စိုက်ပျိုးထားရာ အခုနှစ်မိုးရာသီမှာ သီးနှံမျိုးစုံ ၁၅ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ခင်းတွေဟာ တပ်ရိက္ခာအပြင် ထွက်ရှိလာတဲ့သီးနှံတွေကို ပြည်သူတွေကိုလည်း ပြန်လည်မျှဝေသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

သီးနှံတွေ ထွန်ယက်စိုက်ပျိုးရာမှာလည်း တပ်တွင်းရဲဘော်၊ရဲမေတွေအပြင် ဒေသခံပြည်သူတွေက လည်း ကူညီလုပ်ကိုင်ပေးကြပြီး နှမ်းအပါဝင်သီးနှံတွေရိတ်သိမ်းအပြီးမှာတော့ လာမယ့်ရာသီမှာ မြေပဲကို အဓိကထားကာစိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကလည်း ABSDF Column 3 အမှတ် ၁၂ တပ်ရင်းက ယောဒေသမှာ စိုက်ပျိုးထားတဲ့မြေပဲ ၂ ဧကကို မေလတတိယပတ်မှာ နုတ်သိမ်းခဲ့ရာမြေပဲတင်း ၁၀၀ ရရှိပြီး တပ်တွင်း စားသုံးဆီအဖြစ် အသုံးပြုနိုင်ခဲ့တယ်လို့သိရပါတယ်။ 

ဓါတ်ပုံ - ABSDF Column 3က နှမ်းများရိတ်သိမ်းမှုမြင်ကွင်း။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ယောဒေသ #ABSDF #တပ်ရင်း #နှမ်းရိတ်သိမ်းမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10