ABSDF Column - 3 တပ်ရင်းရိက္ခာဖူလုံရေး စပါးနဲ့ စားသုံးသီးနှံတွေ စိုက်ပျိုး

ABSDF Column - 3 တပ်ရင်းရိက္ခာဖူလုံရေး စပါးနဲ့ စားသုံးသီးနှံတွေ စိုက်ပျိုး

ABSDF Column - 3 စစ်ကြောင်းရဲ့ အမှတ် ၁၂ တပ်ရင်းနဲ့ ချင်းတွင်းဒေသတပ်ရင်းအခြေစိုက်နယ်မြေတွေမှာ တပ်တွင်းရိက္ခာအတွက် စပါး၊ နှမ်းနဲ့ ပဲမျိုးစုံကို စိုက်ပျိုးထားတယ်လို့ ABSDF Column - 3 ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ချင်းတွင်းဒေသနဲ့ မကွေးတိုင်းက ယောဒေသတို့မှာ စပါး ၃ ဧကနဲ့ ပဲ၊ နှမ်း ၇ ဧကကျော်အပါ စုစုပေါင်း ၁၀ ဧကကျော် စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

“တပ်ရိက္ခာရယ် လက်ရှိကပြည်သူတွေက အာဏာသိမ်းလို့ကြပ်တည်းလာလို့ ကျနော်တို့လည်းစိုက်ခင်းတွေကို တည်ဆောက်ပြီးတော့ ကိုယ့်ရိက္ခာကိုယ် ဖြည့်တင်းဖို့ရည်ရွယ်တာပါ။ ပြည်သူတွေကြပ်တည်းလာရင်လည်း ထွက်ရှိလာတဲ့သီးနှံတွေကို ပြန်လည်မျှဝေသွားမှာပါ" လို့ ရဲဘော်ပြည့်ဖြိုးကျော်က မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာပြည်သူလူထုအနေနဲ့လည်း ကုန်ဈေးနှုန်းတွေကြီးမြင့်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နိုင်မှုလျော့နည်းလာတယ်လို့ သူကဆက်ပြောပါတယ်။

စိုက်ပျိုုးရေးလုပ်ငန်းက ထွက်ပေါ်လာတဲ့ရိက္ခာတွေကနေ အခြားလိုအပ်တဲ့စစ်ရေးလုပ်ငန်းနဲ့ စစ်ပစ္စည်းဝယ်ယူရာမှာလည်း အသုံးပြုနိုင်ရေးရည်ရွယ်တယ်လို့ ဆိုပါတယ်။

စပါးသီးနှံတွေ ထွန်ယက်စိုက်ပျိုးရာမှာလည်း တပ်တွင်းရဲဘော်ရဲမေတွေအပြင် ဒေသခံပြည်သူတွေကလည်း ကူညီလုပ်ကိုင်ပေးကြတယ်လို့ ပြောပါတယ်။

အခုနှစ် ဖေဖေါ်ဝါရီလက ABSDF Column - 3 အမှတ် ၁၂ တပ်ရင်းက ယောဒေသမှာစိုက်ပျိုးထားတဲ့မြေပဲ ၂ ဧကကို မေလတတိယပတ်မှာ နုတ်သိမ်းခဲ့ရာမြေပဲတင်း ၁၀၀ ရရှိပြီး တပ်တွင်းစားသုံးဆီအဖြစ်အသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဓါတ်ပုံ - ABSDF Column - 3၏ စပါးစိုက်ပျိုးနေမှု မြင်ကွင်း။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #စစ်ကိုင်းတိုင်း #ချင်းတွင်း #ယော #ABSDF #စိုက်ပျိုးရေး #ရိက္ခာ #စားသုံးသီးနှံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10