ADPRA အဖွဲ့ဆီ အလင်းဝင်လာသူ  စုစုပေါင်း ၅ ဦးရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့ဆီကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား နှစ်ဦးနဲ့ ပြည်သူ့စစ်တဦးတို့ဟာ နိုဝင်ဘာ ၁၉၊ ၂၀နဲ့ ၂၁ ရက်တွေမှာ တဦးချင်းဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ADPRA ဥက္ကဌ ကိုလင်းနွေက ပြောပါတယ်။

လက်ရှိမှာ ADPRA တပ်ဖွဲ့က အလင်းဝင်ရောက်လာသူတွေကို လုံခြုံတဲ့တနေရာမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်၊

နိုဝင်ဘာ ၁၉ ရက်မှာ ကနီမြို့နယ်ရဲစခန်းက ရဲတပ်သား မင်းထက်ပိုင်စိုးဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၅၆ တောင့်နဲ့ အလင်းဝင်ခဲ့လို့ ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ပါတယ်။

နိုဝင်ဘာ ၂ဝ ရက်မှာ မင်းကင်းမြို့နယ်၊ မောက်ကတော်ရဲစခန်းက ရဲတပ်သား မျိုးမင်းအောင်က ကနီမြို့ပေါ်ကတဆင့် လက်နက်မဲ့အလင်းဝင်လာခဲ့ပြီး သူ့ရဲ့ဆန္ဒအတိုင်း မိသားစုနဲ့ဆက်သွယ်ပြီး သွားလိုရာကိုပို့ပေးမှာဖြစ်သလို ငွေကြေးအချို့လည်း ထောက်ပံ့ပေးသွားမှာလို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

နိုဝင်ဘာ ၂၁ ရက်မှာတော့ ကနီမြို့နယ်ရှိ ပျူစောထီးအများစုနေထိုင်တဲ့ အလယ်ကျွန်းရွာက  ပြည်သူ့စစ် ငမင်း ဆိုသူဟာ ကာဘိုင် သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၂ဝဝ၊ 5.56 mm ကျည် ၁၂၂ တောင့်၊ ကျည်ဘောက် ၂ ခု နဲ့ အလင်းဝင်ရောက်ခဲ့ပြီး သူ့ကို ဆုငွေ ကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

အထက်ပါ အလင်းဝင်သူတွေအပါအဝင် ADPRA အဖွဲ့ဆီကို လက်နက်နဲ့အလင်းဝင်လာသူ ၂ ဦး၊ လက်နက်မဲ့အလင်းဝင်သူ ၃ ဦး စုစုပေါင်း ၅ ဦးရှိပြီလို့လည်း သိရပါတယ်။ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေလည်း လက်နက်နဲ့အတူ အလင်းဝင်ကြဖို့နဲ့ ဝင်ရောက်လာရင်လည်း ထိုက်သင့်တဲ့ ချီးမြှင့်မှုတွေ ပြုလုပ်သွားမယ်လို့ ADPRA ဥက္ကဌ ကိုလင်းနွေက ဆိုပါတယ်။ 

ADPRA အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း မုံရွာမြို့နယ်မြောက်ခြမ်း၊ ဂူသန်းကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရင်း မုံရွာအခြေစိုက် အမှတ် ၇၄၇ စစ်လက်နက်ပစ္စည်းတပ်ခွဲက တပ်ကြပ်ကြီးစာရေးတဦးကို လက်နက်အပြည့်အစုံနဲ့ အရှင်ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#စစ်ကိုင်း #ယင်းမာပင် #ADPRA #အလင်းဝင် #သတင်း #မြေလတ်သတင်း #ရဲ #ပြည်သူ့စစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10