AK တလက်ဝယ်ဖို့ စိုက်ထားတဲ့ ကြက်သွန်ခင်း စတင်နှုတ်ယူ

AK တလက်ဝယ်ဖို့ စိုက်ထားတဲ့ ကြက်သွန်ခင်း စတင်နှုတ်ယူ

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် ဖီးနစ်ပြောက်ကျားတပ်ဖွဲ့ မှာ စိုက်ပျိုးထားတဲ့ ကြက်သွန်နီတွေကို ဧပြီ ၄ ရက်က ရဲဘော်တွေ စနှုတ်နေကြပြီလို့ Phoenix Guerrilla Force ဖီးနစ်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ကြက်သွန်စိုက်ခင်းကို တပ်ဖွဲ့က ကိုယ်ထူကိုယ်ထ စိုက်ပျိုးထားတာဖြစ်သလို သိန်း ၂၀၀ ကျော်တန် AK မောင်းပြန်သေနတ် ၁ လက် ဝယ်ယူဖို့ ရည်မှန်းပြီး ကြက်သွန်ခင်းကို စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။

"ကြက်သွန်တွေက AK တလက် ဝယ်ဖို့စိုက်ထားတာပါ။ ဒေသမျိုးကိုပဲ ကျင်း ၂၀၀ စိုက်ထားတယ်။ အကုန်လုံး မနှုတ်ရသေးပါဘူး။ ငွေဘယ်လောက်ရမယ်ဆိုတာတော့ ရောင်းချပြီးမှပဲ သိရမှာပါ" လို့ ဖီးနစ်ပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ရဲဘော်လျှပ်စီး ကပြောပါတယ်။

ကြက်သွန်ကို အခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ စတင်ပျိုးထောင်ကာ စိုက်ပျိုးချိန် ၃ လကျော်ကြာပြီး ၂ ဧကခွဲခန့် စိုက်ပျိုးထားရာ တပ်ဖွဲ့ဝင်ရဲဘော်ရဲမေတွေက ကြက်သွန် စိုက်ပျိုး၊ ရေသွင်း၊ ပေါင်းနှုတ်၊ ဆေးဖြန်း၊ မြေသြဇာကျွေးတဲ့ အလုပ်တွေကို အဖွဲ့လိုက်ခွဲပြီး လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

"တပ်ဖွဲ့က ကြက်သွန်စိုက်မယ် ဆိုကတည်းက ရဲဘော်တွေအကုန်လည်း တာ၀န်ကျရာ လုပ်ကြရတယ်။ ပျိုးနှုတ်တဲ့ ရက်တွေမှာပါသလို စခန်းမှာ ထမင်းချက်တာ ကင်းစောင့်ရတဲ့ရက်တွေတော့ ကျန်နေခဲ့တယ်။ ရေသွင်းရတာ၊ ပိုးသတ်ဆေးဖြန်းရတာတွေလည်း ဝိုင်ဝန်းလုပ်ကြပါတယ် " လို့ အမျိုးသမီး ရဲဘော်မေက ပြောပါတယ်။

အဲ့ဒီစိုက်ခင်းကို ရဲဘော်ရဲမေတွေ မအားလပ်တဲ့အခါမှာ စခန်းအနီးဝန်းကျင်မှ ပြည်သူတွေကလည်း လုပ်အားကူညီလုပ်ကိုင်ကြပြီး စိုက်ပျိုးမြေကိုလည်း ငွေကြေးမယူဘဲ တပ်ဖွဲ့ကိုလုပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

လက်ရှိ တပ်ဖွဲ့ က နှုတ်ပြီးထားတဲ့ ကြက်သွန်နီပိဿာချိန် ၃၀ကျော်ရထားပြီးဖြစ်ကာ ကြက်သွန်မျိုးနဲ့ အလုံးအရွယ်အစားပေါ် မူတည်ပြီး တပိဿာကို အနည်းဆုံး ၁၀၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #တော်လှန်ရေးတပ်ဖွဲ့ # AK47 #ကြက်သွန်နီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10