BNRA တပ်ဖွဲ့ဝင်တွေကို ကန့်ဘလူပကဖ ဘာကြောင့်ဖမ်းတာလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အခြေပြုနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မူလက ကန့်ဘလူမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ Local PDF တွေဖြစ်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်စတင်ဖွဲ့စည်းချိန်မှာ BNRA ထဲကို ဝင်ရောက်လာခဲ့ကြသူတွေဖြစ်တယ်လို့ BNRA ရဲ့ ပြောခွင့်ရ ကိုဆာန်က ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ကျေးရွာပအဖတာဝန်ခံ ၁ ဦးနဲ့ BNRA တပ်ဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၁၅ ဦးကို ကန့်ဘလူခရိုင်ပကဖက ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၇ ရက်မှာ ၁၀ ဦးကို ခရိုင်ပကဖက ပြန်လွှတ်ပေးခဲ့ပြီး BNRA တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ကျေးရွာပအဖတာဝန်ခံကိုတော့ လက်ရှိအချိန်အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ကန့်ဘလလူနယ်အတွင်းလှုပ်ရှားနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို ကန့်ဘလူခရိုင်ပကဖက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း (သို့မဟုတ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ရင်းအဖြစ် ဖွဲ့စည်းဖို့ ဖိအားပေးပြောဆိုခဲ့ပြီးနောက် အခုလို လက်နက်တွေဖြုတ်သိမ်းကာ ဖမ်းဆီးထားခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ BNRA တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူးနဲ့ တပ်ဖွဲ့ဝင်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ မောင်းပြန်သေနတ် ၃ လက်၊ လက်လုပ်သေနတ် ၂၆ လက်နဲ့ ကျည်ဆံခဲယမ်း အများအပြားလည်း သိမ်းဆည်းခံထားရတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင်ပကဖတာဝန်ခံနဲ့  ဒုတာဝန်ခံကို မြေလတ်အသံက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာ ပကဖတာဝန်ခံက ပြန်လည်ဖြေကြားတာမျိုးမရှိသလို ဒုတာဝန်ခံကတော့ သူ့အနေနဲ့ ဖြေဆိုခွင့်မရှိဘူးလို့သာ ပြောပါတယ်။ 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း အီးမေလ်း ပေးပို့မေးမြန်းခဲ့ပေမယ့် သတင်းတင်ပြချိန်အထိ အကြောင်းမပြန်သေးပါဘူး။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #စစ်ကိုင်း #ကန့်ဘလူ #BNRA #ဗိုလ်နဂါး #ခရိုင်ပကဖ #ပကဖ #ဖမ်းဆီး #NUG #လက်နက် #ခဲယမ်း #သိမ်းဆည်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10