သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီး-နရွဲတောလမ်းပေါ်ရှိ Chauk Revolution Army အဖွဲ့ရဲ့ ဂိတ်စခန်းကို စစ်ကောင်စီတပ်သားတွေက စီးနင်းမီးရှို့ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
ကုန်းကြီးရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ ဒီဇင်ဘာ ၂၇ ရက် မနက် ၈ နာရီလောက်မှာ စခန်းတည်နေရာကိုစစ်ကြောင်းထိုးလာပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းတဲ ၃ လုံးကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“သတင်းက ကြိုရထားတယ်။ ကြိုရထားပေမယ့် ကျနော်တို့ရှေ့က ကင်းပွိုင့်တွေကြားထဲကနေ ဖြစ်သွားတာ။ ကျနော်တို့မသိတဲ့ တောလမ်းကနေလာတာ။ လက်ပြန်ကြိုးတုတ်ထားတဲ့ လမ်းပြလည်းပါတယ်။ ဘယ်သူဘယ်ဝါတော့မသိဘူး။ သတင်းကြိုရထားတော့ တချို့အရာလေးတွေ ပြင်ဆင်ထားတော့ အဲဒါကြောင့်ထိခိုက်မရှိတာ။” လို့ Chauk Revolution Army တပ်ဖွဲ့ဝင်က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ချိန် လူအင်အားမမျှတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာလာခဲ့ရကာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်တာကြောင့် နရွဲတောရွာက နေအိမ် ၂ လုံးပေါ်ကိုလည်း လက်နက်ကြီးကျည်ကျပြီး ထိမှန်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်သားနဲ့ပျူစောထီးတွေဟာ စခန်းတဲတွေကိုမီးရှို့ပြီး မနက် ၁၀ နာရီလောက်မှာတော့ စခန်းနဲ့ ၁ မိုင်ခွဲလောက်မှာရှိတဲ့ ကံသစ်ကုန်းရွာထဲကိုဝင်သွားပြီး ရွာအရှေ့ပိုင်း နေအိမ် ၃ လုံးကိုမီးရှို့ကာ ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသာဖြစ်တဲ့ မောင်မင်းခန့် ကိုလည်းဖမ်းဆီးသွားတယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
“ကလေးက ရှောင်ဖို့ကျန်နေတဲ့အချိန်မှာ ရှောင်ဖို့လုပ်နေရင်း မိသွားတာ။ တခြားလူတွေလည်း ပုန်းကြဝှက်ကြတယ်။ ကလေးတယောက်တည်း ပါသွားတာ၊ ပထမကတော့ ကလေးကို ကုန်းကြီး(ရွာ)ကိုပဲခေါ်သွားတယ်။ အခုထပ်ကြားရတာတော့ ကုန်းကြီးကနေ ခလရ ၁၃ ထဲကို ပြန်ခေါ်သွားတယ်လို့ ကြားတယ်။” လို့ သူကဆက်ပြောပါတယ်။
နေ့လယ် ၁၂ နာရီလောက်မှာ ကုန်းကြီးရွာထဲကို စစ်ကြောင်းပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကုန်းကြီးရွာမှာတပ်စွဲနေတာ တနှစ်ဝန်းကျင်လောက်ရှိနေပြီလို့ သိရပါတယ်။
Chauk Revolution Army တပ်ဖွဲရဲ့ စခန်းတွေကို ခုလိုဝင်စီးခံရတာ ၃ ကြိမ်မြောက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တကြိမ်၊ ဒီဇင်ဘာလမှာတကြိမ် စီးနင်းခံခဲ့ရတာလို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ချောက် #စခန်းစီးနင်းခံရ #မီးရှို့
Share Share Share