"G3 တလက်ရဖို့ ဒေါင်းရင်းသွေးအဖွဲ့ ဘယ်လိုကြိုးစားခဲ့ရလဲ" (ရုပ်/သံ)

ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးကာလအစမှာ ရဲဘော် ၈ ဦးနဲ့ မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေ-ကျွန်းချောင်းတကျောမှာ အခြေချပြီး စစ်ကောင်စီကို ပြောက်ကျားနည်းနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ငယ်တခု ဖြစ်ပါတယ်။ 

တပ်ဖွဲ့ဖြစ်လာကတည်းက ထောက်ပံ့မှုကြီးကြီးမားမား မရရှိခဲ့ပေမယ့် သူတို့မှာ ရှိတာလေးနဲ့ ရပ်တည်ခဲ့ရသလို ပြည်ပအလှူရှင်တချို့ ထောက်ပံ့တာကို ရိက္ခာအစား သူတို့အတွက် အဓိကလိုနေတဲ့ လက်နက်ခဲယမ်းကိုသာ ဝယ်ယူခဲ့ရတယ်လို့  ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

သူတို့ရဲ့ မဟာမိတ်အဖွဲ့တွေက သေနတ်အစစ်တွေ ကိုင်နေကြချိန် ဒေါင်းရင်သွေးအဖွဲ့ဟာ တရက်ကို ထမင်းနှစ်နှပ်သာစာပြီး လက်လုပ်တူးမီးတွေအစား လက်နက်အစစ်ဝယ်နိုင်ဖို့ကို ချွေတာစုဆောင်းခဲ့ကြရပါတယ်။

နောက်ဆုံး လက်နက်ဝယ်ဖို့  မဖြစ်လာတော့တဲ့အဆုံး အဖွဲ့က ရဲဘော်တဦးရဲ့ မိခင်က သားဖြစ်သူ သေနတ်ဝယ်နိုင်ဖို့ အိမ်နဲ့ ခြံကိုပေါင်ပြီး သိန်း ၅၀ ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီ သိန်း ၅၀ နဲ့ ကျန်တဲ့ရဲဘော်ရဲ့ကား၊ အိမ်တွင်းပစ္စည်းတွေ ရောင်းချရငွေ သိန်း ၆၀ ကိုပေါင်းပြီး သိန်း ၂၉၀ တန် G3 တလက်ကို ဝယ်နိုင်ခဲ့ပါတယ်။

အဲ့ဒီသေနတ်ကို သူတို့မှာ ရှိတဲ့ သိန်း ၁၁၀သာ ပေးထားနိုင်ပြီး ကျန် ၁၈၀ ကို ၂ လဆိုင်းနဲ့ မဟာမိတ်အဖွဲ့တခုဆီက စက်တင်ဘာလအစမှာ အကြွေးဝယ်ခဲ့ရတာပါ။ လက်ရှိ ဒေါင်းရင်သွေးအဖွဲ့ဟာ အင်အား ၃၆ ဦးရှိနေပြီး လက်နက်အင်အား မလုံလောက်တာကြောင့် တိုက်ပွဲတွေကို မဟာမိတ်အဖွဲ့တွေနဲ့ ပေါင်းပြီး ဆင်နွှဲနေပါတယ်။

အဖွဲ့ကအကြွေးတင်တဲ့ သိန်း ၁၈၀ ကို ဆပ်ဖို့လည်း ရှိနေပါတယ်။ ၂ လဆိုင်းနဲ့ ဝယ်ယူတာဟာ တလပြည့်ကာနီးပြီဖြစ်သလို ၂ လအတွင်း ပြန်ဆပ်နိုင်ဖို့ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

သူတို့အဖွဲ့ဟာ NUG ရဲ့လက်အောက်ခံတပ်တခု မဟုတ်ဘဲ လိုကယ်အဖွဲ့ငယ်တခုဖြစ်ပေမယ့်လည်း ပအဖ ပကဖတွေနဲ့ မဟာမိတ်ဖွဲ့ထားသလို အခြားသော တပ်ရင်းတပ်ဖွဲ့တွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိထားပါတယ်။

ရှေ့ဆက်ပြီး အကြွေးဝယ်ထားရတဲ့ လက်နက်နဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမှာဖြစ်သလို ဘယ်လိုအခြအနေမှာပဲဖြစ်နေပါစေ ဒေသခံအဖွဲ့တခုအနေနဲ့ အဆုံးအထိ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အင်တာဗျူး - ဒိန်းဂျား

သတင်း၊ ရုပ်သံတည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ #‌ရုပ်သံသတင်း #ဒေါင်းရင်သွေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10