KNLA နဲ့ BPLA ပူးပေါင်းပြီး ရွှေကျင်မြို့နယ်မှာ စခန်းသိမ်းနိုင်ခဲ့

KNLA နဲ့ BPLA ပူးပေါင်းပြီး ရွှေကျင်မြို့နယ်မှာ စခန်းသိမ်းနိုင်ခဲ့

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းရှိ စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ထံက သိရပါတယ်။

စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

"မိနစ် ၂၀ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အထိနာသွားလို့ စခန်းကနေ ထွက်ပြေးကုန်တယ် "လို့ BPLA တပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စခန်းတခုလုံးရှင်းလင်းရေး လုပ်ကိုင်နေတဲ့အတွက် ရန်သူထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီ ခမရ ၃၅၁ အခြေစိုက်စခန်းတိုက်ပွဲအတွင်း ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jammer ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ RPGသီး ၂၂ လုံး၊ RPG ပို့ယမ်း ၁၆ ခု၊ တင့်ဖျက် ၃ ခု၊ ၄၀ မမသီး ၁၂ လုံး၊ မြေမြှုပ်မိုင်း ၉ လုံးနဲ့  ၅.၅၆ ကျည် ၁၁၂၈ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

BPLA သည် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်းအမှတ် ၁၀၇ စစ်ဒေသနဲ့ မြောက်ပိုင်းအမှတ် ၂၀၃ စစ်ဒေသမှာ မဟာမိတ်များနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ရွှေကျင် #စခန်းသိမ်း #KNLA #BPLA #ခမရ၃၅၁ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10