စစ်ကြောင်းထိုးလာလို့ ခင်ဦးကပြည်သူ ၃၀၀၀ကျော် ညတွင်းခြင်း ထွက်ပြေးခဲ့ရ

စစ်ကြောင်းထိုးလာလို့ ခင်ဦးကပြည်သူ ၃၀၀၀ကျော် ညတွင်းခြင်း ထွက်ပြေးခဲ့ရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ညတွင်းချင်းစစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

ခင်ဦးမြို့နယ် အရှေ့မြောက်ဘက် ယောက်သွားအိုင်ရွာနဲ့ ထနှောင်းကိုင်းလေးရွာကြားမှာ တညအိပ်တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင်လ ၃ ရက် မနေ့က ည ၉ နာရီခွဲလောက်က ခြေလျင်စစ်ကြောင်းထိုးလာတဲ့အတွက် တောထဲမှာထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေအပါအဝင် ရှားလွင်ရွာ၊ ထနှောင်းကိုင်းကြီးရွာ၊ ထနှောင်းကိုင်းလေးရွာ၊ ယောက်သွားအိုင်ရွာတို့က ဒေသခံတွေဟာ ညတွင်းချင်း မီးမပါပဲ တောထဲမှာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“သူတိုက ၂၆ ရက်ကတည်းက ခင်ဦးအရှေ့မြောက်ဘက်ကိုရောက်နေတာ။ တပ်တွေဖြန့်ပြီး စစ်ကြောင်းတွေပတ်ထိုးနေတာ။ မနေ့ညကဆိုလည်း တောမှာပုန်းရှောင်နေရတဲ့ စစ်ရှောင်တွေပါထပ်ပြေးရတယ်။ ဒီနေ့မနက်မှာလည်း ထပ်ပြေးရတဲ့ရွာသားတွေလည်းရှိသေးတယ်။”လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံ တဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလက်ရှိအချိန်မှာ အဲဒီစစ်ကြောင်းဟာ တပ်တွေဖြန့်ကာ လက်ပံကုန်းကျေးရွာနဲ့ အခြားကျေးရွာတွေဘက်မှာ တပ်စွဲထားပြီး ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ တောထဲမှာ စားဝတ်နေရေး အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ တာဝန်ခံက ဆက်ပြောပါတယ်။

“လောလောဆယ် ရွာသားတွေကတော့ တောတွေထဲမှာပဲထပ်ပြီးရှောင်နေရတယ်။ စားဖို့သောက်ဖို့ အတွက် အဆင်မပြေကြဘူး ။ ရွာနားလည်းဘယ်သူမှကပ်မရဲဘူး စစ်**တွေက တပ်ဖြန့်ထားတော့လေ” လို့ ဆိုပါတယ်။ 

ဇူလိုင် ၂ ရက်ကလည်း ရေဦး-ညောင်ပင်သာကားလမ်းဘေးက အင်းပတ်ကွေ့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီဟာ အောင်ချမ်းသာကျေးရွာနဲ့ အင်းပတ်တောရွာထဲကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အင်းပတ်တောရွာက နွား ၂ ကောင်သေဆုံးပြီး ၅ ကောင်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ် အိုက်ပေါက်ကြီးရွာကို ဇူလိုင်လ ၂ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ခင်ဦးအနောက်တောင်ခြမ်းနဲ့ မြောက်ခြမ်းမှာရှိတဲ့ ဒေသခံ ၄၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ပုံစာ- ဇူလိုင် ၂ ရက်က စစ်ရှောင်ထွက်လာကြတဲ့ ခင်ဦးနယ်ဒေသခံများ

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ #စစ်ကိုင်းတိုင်း #ခင်ဦး #စစ်ဘေးရှောင် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10