LGBT တဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့သူတွေကို ဖမ်းမိ

LGBT တဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့သူတွေကို ဖမ်းမိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်က LGBT တဦးကိုသတ်ပြီး ပစ္စည်းလုယူသွားသူတွေကို ဖမ်းမိပြီလို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ပစ္စည်းလုလူသတ်သူတွေဟာ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ရွာ၊ ကြံတိုင်းအောင်လမ်းက အသက် ၂၀  နှစ် အရွယ် ချစ်ရှိုင်းနဲ့ ဝိုင်းဝိုင်းတို့  ဖြစ်ပြီး ဧပြီ ၂၈ ရက် ညမှာ ရဲက ဖမ်းမိတာလို့ ဆိုပါတယ်။ 

“ဝိုင်းဝိုင်းကို ပြည်မြို့မှာဖမ်းမိပြီး ချစ်ရှိုင်းကိုတော့ သဲကုန်းမြို့မှာ ရဲကဖမ်းမိတာပါ။ သူတို့ နှစ်ဦးက ‘ငွေငါးသိန်းတောင်းမယ် မရရင်လူသတ်မယ်ဆိုတဲ့ ကြိုတင်ကြံစည်ချက်နဲ့ သတ်တာပါ’လို့  စစ်ချက်ထွက်တယ်”လို့   အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

သူတို့ ၂ ဦးဟာ ဧပြီ ၂၄ ရက် ည ၇ နာရီလောက်က ဝက်ပုတ်ရွာက အသက် ၃၅ နှစ် အရွယ် ကို‌ကျော်မင်းသူကို ဝက်ပုတ်ရွာအနီး ဆည်မြောင်းဘောင်၊ စည်ပင်သာယာအမှိုက်ပုံအနီးမှာ သတ်ပြီး ၎င်းဝတ်ဆင်တဲ့ စိန်နားကပ် ၅ ခု၊ လက်စွပ်၊ ဟန်းချိန်း၊ ခြေညှိုးမှာ ဝတ်ထားတဲ့ လက်စွပ်ပုံစံရွှေကွင်းနဲ့ဖုန်းတွေကို လုယူထွက်ပြေးသွားခဲ့တာပါ။

အလောင်းကို ဧပြီ ၂၅ ရက် နေ့လယ် ၁ နာရီလောက်က အသတ်ခံရတဲ့နေရာမှာပဲ ဓါးဒဏ်ရာ ၉ ချက်နဲ့ အူထွက်ကာ သေဆုံးလျှက်ပြန်တွေ့ခဲ့သလို သေဆုံးသူစီးလာတဲ့ CLICK အပြာရောင်ဆိုင်ကယ်ကိုလည်း အလောင်းအနီးမှာပဲ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

လုယက်သွားတဲ့ ပစ္စည်းတွေထဲက ဆွဲသီးနဲ့ နားကပ်တခုရဲ့ နောက်ပိတ်ကတော့ အခင်းဖြစ်တဲ့နေရာမှာ ပျောက်သွားတဲ့အတွက် သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ကျန်တာတွေတော့ ပြန်လည်သိမ်းဆည်းထားနိုင်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ချစ်ရှိုင်းနဲ့ ဝိုင်းဝိုင်းကို သဲကုန်းမြို့နယ် တရားရုံးမှာ ရမန်ယူပြီး သဲကုန်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့  သိရပါတယ်။

ပုံစာ - ပစ္စည်းလု သတ်ဖြတ်ခဲ့သူ ချစ်ရှိုင်းနှင့် ဝိုင်းဝိုင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #LGBT #အသတ်ခံရ #ဖမ်းမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10