MBT တပ်ရင်းရဲ့ အပတ်စဥ် ၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နယ်မြေ ၂ ခုမှာပြုလုပ်

MBT တပ်ရင်းရဲ့ အပတ်စဥ် ၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နယ်မြေ ၂ ခုမှာပြုလုပ်

မန္တလေးတိုင်းအခြေစိုက် Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အပတ်စဉ် ၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နယ်မြေနှစ်ခုမှာခွဲပြီး ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ဒီအခြေခံစစ်သင်တန်းဆင်းပွဲကို သြဂုတ်လဆန်းပိုင်းမှာ ၁၅ ရက်ဝန်းကျင် ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသား ၃၈ ဦးတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီထဲက သင်တန်းသား ၁၈ ဦးဟာ သင်တန်းပြီးပြီးချင်း ရှေ့တန်းစစ်မြေပြင်ကိုထွက်ခဲ့ရတာကြောင့် သူတို့ရောက်ရှိနေတဲ့နေရာမှာပဲ သြဂုတ်လကုန်ပိုင်းမှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့ပြီး ကျန်ရှိနေတဲ့ သင်တန်းသား ၂၀ ကိုတော့ တပ်ရင်းဌာနချုပ်မှာ စက်တင်ဘာလ ၂ ရက်မနက်ပိုင်းက သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

“ရှေ့တန်း စစ်မျက်နှာပြင်ရောက်နေတဲ့သူတွေက နဲနဲတော့စောတယ်။ ရှေ့တန်းစစ်မျက်နှာပြင်က လေယာဉ်တွေနဲ့ ခဏခဏဗုံးကြဲနေတာပေါ့။ အဲ့လိုအနေအထားတခုကြောင့် သင်တန်းဆင်းပွဲကို ကောင်းကောင်းလည်း မလုပ်ပေးနိုင်ခဲ့ဘူး။” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

လက်ရှိမှာ စစ်ရေးအခြေအနေတွေအရ သင်တန်းဆင်းပွဲတွေကို အရင်ကလို ခမ်းခမ်းနားနား ကျင်းပပေးတာမျိုးမဟုတ်ဘဲ ရဲဘော်တွေကိုသစ္စာရေသောက်ခိုင်းတာ၊ ရဲဘော်တယောက် လိုက်နာရမယ့် စည်းကမ်းကိုတွေပြောကြားပြီး အကျဥ်းချုံးပဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

သင်းတန်းအတွင်းမှာတော့ တိုက်ခိုက်ရေးကျွမ်းကျင်မှု၊ အမိန့်နာခံတတ်ဖို့တွေကို အဓိကထား သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ရှေ့ဆက်ပြီး အခုလိုသင်တန်းတွေပြုလုပ်သွားမှာဖြစ်ပြီး တပ်ဖွဲ့နဲ့ရည်ရွယ်ချက်ချင်းတူ၊ ခံယူချက်ချင်းတူပြီး အာဏာရှင်စနစ်ကိုတော်လှန်မယ့် လူငယ်တွေကိုလည်း တပ်ဖွဲ့ဝင်အနေနဲ့လက်ခံပေးသွားမယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #သင်တန်းဆင်းပွဲ #MBT

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10