MPDFအဖွဲ့ ကို ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)အဖြစ် ပြန်လည်ဖွဲ့စည်း

MPDFအဖွဲ့ ကို ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)အဖြစ် ပြန်လည်ဖွဲ့စည်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အခြေစိုက်တဲ့ Monywa People Defence Force (MPDF)အဖွဲ့ကို မဟာမိတ် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front - BLDF) အဖွဲ့အဖြစ် ဇွန်လ ၂၇ ရက်မှ စတင်ပြီး အသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ BLDF တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။ 

 

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်ဖို့အတွက်  MPDF အဖွဲ့ကိုဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကတစ်တပ်ဦး (Burma Liberation Democratic Front - BLDF )အဖွဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“BLDF ကို လောလောဆယ်အနေနဲ့  အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။ မကြာခင်မှာထုတ်ပြန်ကြေညာ ပေးသွားမှာပါ။ အဓိကအခြေစိုက်တာကတော့ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင် ဒီဒေသတွေမှာ အဓိကအခြေချတဲ့ အစုအဖွဲ့တွေပါတယ်”လို့ BLDF ဗဟိုကော်မတီဝင် လူထုဆက်ဆံရေးနဲ့ ဝါဒဖြန့်ချီရေး ဌာနစိတ်ကို တာဝန်ယူထားတဲ့ ရဲဘော်ဂျွန်က ဆက်ပြောပါတယ်။

ဗမာတိုင်းရင်းသားလက်နက်ကိုင်တပ်ကို ကိုယ်စားပြုတဲ့အဓိပ္ပါနယ်နဲ့ ဗမာလွတ်မြာက်ရေး ဒီမိုကရေစီတစ်တပ်ဦး ဆိုတဲ့နာမည်ကို ပေးထားရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

မူလက ဖွဲ့စည်းထားတဲ့ Monywa People Defence Force (MPDF)အဖွဲ့ကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာ ပအဖ ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ CDM အစုအဖွဲ့များနဲ့ အခြားသော အင်အားစုတွေ စုပေါင်းပြီး ၂၀၂၁ ဇွန်လ ၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ 

အဲဒီအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ မုံရွာခရိုင်နဲ့ ယင်းမာပင်ခရိုင်းအတွင်း အခြေစိုက်နိုင်ခဲ့ပြီး တိုက်ပွဲပေါင်း (၈၀)ကျော်နဲ့ ရန်သူပေါင်း (၅၀)ခန့်ကို ချေမှုန်းနိုင်ခဲ့သလို MPDF အဖွဲ့မှ စစ်ဦးစီးအဖွဲ့ဝင်တဦး၊ တပ်ခွဲမှူးတဦးနဲ့ ရဲဘော် (၁၀) ဦးတို့ဟာ ဖက်ဒရယ် ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

“အာဏာသိမ်းလိုက်ပြီးတော့ ကျနော်တို့ မုံရွာလူထုသပိတ်တိုက်ပွဲတွေ အရင်ဆုံးလုပ်ခဲ့တယ်။ အဲဒီကနေတဆင့် အကြမ်းဖက်ဖြိုခွဲမှု ဖြစ်လာတော့ ကျနော်တို့ နောက်တဆင့်တက်ရတော့မယ်လို့ သိလာခဲ့တယ်။ အဲဒီကနေတဆင့် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို သွားပြီး စစ်ပညာ သင်ယူခဲ့တယ်။ သင်ယူပြီး ပြန်လာတဲ့အစုအဖွဲ့တွေကနေပြီး ကျနော်တို့တွေ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စပြီးဖွဲ့စည်းခဲ့တယ်” လို့ ရဲဘော်ဂျွန်က မြေလတ်အသံကို ပြောပါတယ်။

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေးကို အောင်မြင်တဲ့အထိ ဆုံးခန်းတိုင်အောင် တော်လှန်သွားမယ်လို့လည်း ထုတ်ပြန်ရေးသားထားပါသေးတယ်။

 

ပုံစာ - ယခင် MPDF တပ်ဖွဲ့ လေ့ကျင့်ရေး ဆောင်ရွက်နေပုံ။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #MPDF #ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး #BLDF  #MPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10