Mission 27 အဖြစ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၇ လုံးနဲ့တိုက်ခိုက်

Mission 27 အဖြစ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၇ လုံးနဲ့တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၂၂ ရက် ဒီမနက် ၁ နာရီ‌လောက်မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ၁၀၇ မမ ၇ လုံးနဲ့ ပစ်ခတ်ရာ ၅ လုံးပစ်ခတ်နိုင်ခဲ့ပြီး ကျန်၂ လုံးကတော့ ပစ္စည်းချို့ယွင်းမှုကြောင့်မပစ်ခတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ပစ်ခတ်မှုကြောင့် တပခအတွင်းထိခိုက်မှုကြီးတယ်လို့ ကနဦးသိထားရပါတယ်။ အသေးစိတ်ကိုတော့ စုစည်းပြီး နောက်ဆက်တွဲသတင်း ကြေညာပေးပါ့မယ်။ ဒီမစ်ရှင်ကိုလုပ်ဖို့ လနဲ့ချီပြီးပြင်ဆင်ရတာပေါ့။ အခက်အခဲတွေကတော့ တခေါက်နဲ့တခေါက် ပိုခက်ခဲလာတာ။ မစ်ရှင်တခုလုပ်ပြီးတိုင်းလုပ်ပြီးတိုင်း ပိုပြီးခက်လာတယ်။ လုံခြုံရေးတွေလည်း ပိုပြီးတင်းကျပ်လာတာ။” လို့ Brave Warriors for Myanmar (BWM) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှ ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် ကြိုးကိုင်နေတဲ့ စစ်ဌာနချုပ်ဖြစ်တာကြောင့် BWM ပူးပေါင်းတပ်ဖွဲ့အနေနဲ့ Mission 27 အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မပြန်းပေးဆွဲစေခိုင်းမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူတွေ စိတ်မလုံခြုံမှုခံစားရသလို Christmas အခါသမယမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်တွေအနေနဲ့ ၎င်းတို့နေထိုင်ရာ စစ်ဌာနချုပ်အတွင်းမှာတင် မလုံခြုံတော့ကြောင်း လက်တွေ့ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ သွားရောက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)၊ Mountain Knight Civilian Defense Forces ( MKCDF)၊ Anti - Coup People’s Liberation Force - ACPLF နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက် မနက် ၃ နာရီကျော်လောက်မှာလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံး နဲ့ ပစ်ခတ်ခဲ့ရာ စစ်ဌာချုပ်စခန်းရုံး၊ ကင်းတဲ၊ အရာရှိလိုင်းခန်းတို့ပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး တပ်ရေးဗိုလ်ကြီး ၁ ဦး နဲ့ အရာရှိ ၃ ဦဒဏ်ရာရရှိခဲ့ပါသေးတယ်။

အလားတူ ဒီဇင်ဘာ ၁၁ ရက်ကလည်း တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်း နဲ့ တောင်ပိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေ နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့  BWM ဆီက သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရှော့တိုက်ဒုံး #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10