NLD အစိုးရ ပဲခူးတိုင်းလဝကဝန်ကြီးဟောင်းကို ထောင် ၆ နှစ်ချ

NLD အစိုးရ ပဲခူးတိုင်းလဝကဝန်ကြီးဟောင်းကို ထောင် ၆ နှစ်ချ

စစ်ကောင်စီထံ သွားရောက်ဖမ်းဆီးခံခဲ့တဲ့ NLD အစိုးရလက်ထက် ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဦးထွန်းထွန်းဦးကို စစ်ကောင်စီ ထောင်တွင်းတရားရုံးက ဇွန်လ ၂၁ ရက် မှာ ထောင် ၆ နှစ် ချမှတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပေါင်းတည်ထောင်တွင်း တရားရုံးကနေ ယမန်နေ့နံနက် ၁၀ နာရီခွဲလောက်မှာ ပုဒ်မ ၅၀၅ (က) ၂ မှုအတွက် ၁ မှုကိုထောင်ဒဏ် ၃ နှစ်စီနဲ့ ထောင် ၆ နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။

"အမိန့်ချတာဟုတ်ပါတယ်။ ဒါပေမယ့်သူ့ကို အခြားနွေဦးတော်လှန်ရေးကြောင့် ထောင်ချခံရတဲ့သူတွေနဲ့ရောမထားဘူး။ တိုက်ပိတ်တဲ့အခန်းမှာ သီးသန့်ထားတာ။ တိုက်ပိတ်တာတော့မဟုတ်ဘူး သီးသန့်ခွဲထားတဲ့သဘော။" လို့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ နီးစပ်သူတဦး ကပြောပါတယ်။

ဦးထွန်းထွန်းဦးဟာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းက သမီးဖြစ်သူ ပြည်ပသွားဖို့ပတ်စ်ပို့လုပ်စဉ် ဖမ်းဆီးခံရတာကြောင့် ဒီဇင်ဘာလ ၈ ရက်မှာ ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ပြည်) ဆီကို သမီးနဲ့ လူစားလဲကာ သွားရောက်အဖမ်းခံခဲ့ပြီး ခံဝန်ထိုးကာ လွတ်နေခဲ့ပေမယ့် စစ်ကောင်စီက မေလကုန်ပိုင်းမှာပြန်လည် ဖမ်းဆီးတရားစွဲခံရတာလို့ လည်းဆိုပါတယ်။

ဦးထွန်းထွန်းဟာ ပေါင်းတည် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၅ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပြီး ပဲခူးတိုင်းအစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်နဲ့ စက်မှု၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်တွေထမ်းဆောင်ခဲ့ရာက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်မှာ ပဲခူးတိုင်းလွှတ်တော်ကနေ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် မဲခွဲအတည်ပြု ခန့်အပ်ခြင်းခံရသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်ကောင်စီထံ ခံဝန်ကတိထိုးထားသူတွေဆိုပြီး သတင်းထွက်ပေါ်နေတဲ့ NLD အစိုးရလက်ထက် လယ်ယာနဲ့ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၈ ရက်က နေအိမ်မှာဖမ်းဆီးခံရတဲ့ ကြို့ပင်ကောက်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းကိုတော့ ပေါင်းတည်အကျဥ်းထောင် သီးသန့်တိုက်အဆောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

 

ပုံစာ - NLD အစိုးရလက်ထက်က ပြည်မြို့၊ ကိုဗစ်စင်တာတွေကို လိုက်လံစစ်ဆေးခဲ့တဲ့ ဝန်ကြီးဦးထွန်းထွန်းဦး

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်ခရိုင် #ပေါင်းတည် #NLD #လွှတ်တော်ကိုယ်စားလှယ် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10