NUG ကြားကာလသင်ကြားရေး ဆရာ၊ဆရာမတွေကို YFC အဖွဲ့က ရိက္ခာထောက်ပံ့

NUG ကြားကာလသင်ကြားရေး ဆရာ၊ဆရာမတွေကို YFC အဖွဲ့က ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ကြားကာလပညာရေးမှာ သင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာ/မ တွေကိုရိက္ခာတချို့ထောက်ပံ့ပေးခဲ့တယ်လို့ မြောင်လူငယ်ကွန်ရက် - YFC Myaung အဖွဲ့ဆီက သိရပါတယ်။

မြောင်မြို့နယ်ရှိ ရွာ ၃ ရွာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပညာသင်ကြားရေးမှာ စာသင်ပေးနေတဲ့ ဆရာ/မ ၃၄ ဦးကို ဇွန်လ ၂၃ ရက်မှာ ရိက္ခာထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ကွန်ရက်အနေနဲ့ပဲ ကူညီထောက်ပံ့တာပါ။ ကျန်တဲ့ ပညာရေးယန္တရားကို ကျနော်တို့ ပါဝင်ပတ်သတ်တာမျိုး မရှိပါဘူး။ အာဏာရှင်ကိုမလိုလားတဲ့ ပညာတတ်၊ ပညာသင်ယူနေဆဲ အလွှာပေါင်းစုံက သူတွေပါ။ ဆရာ ဆရာမတွေရဲ့ အခက်အခဲတစိတ်တပိုင်းတော့ အဆင်ပြေရုံလောက်ပဲ လှူနိုင်တာပါ"လို့ မြောင်လူငယ်ကွန်ရက်ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင်တဦးက ပြောပါတယ်။

ဆရာ ဆရာမ တဦးစီအတွက် ဆန် ၄ ပြည်၊ ဆီ ၆၀ ကျပ်သား၊ ဆားတပိဿာ၊ ကြာဇံအထုပ်ကြီး တထုပ်တို့ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး၊ ရေရှည်ရပ်တည်ရေးမှာ အဆင်ပြေဖို့အတွက် ကူညီရမယ့် ဆရာ၊ဆရာမ ၅၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ သူကဆက်ပြောပါတယ်။

မြောင်လူငယ်ကွန်ရက်က အာဏာရှင်ကိုအကြမ်းမဖက် အာဏာဖီဆန်နေတဲ့ ကွန်ရက်တခုဖြစ်ပြီး၊ ပညာသင် ကလေးငယ်တွေ၊ မီးဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့တာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ သစ်ပင်တွေ စိုက်ပျိုးတာတွေအပြင် အာဏာရှင်ကို ဆန့်ကျင်ရာမှာလည်း သပိတ်အဖွဲ့ဝင်တွေနဲ့ ပါဝင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စေတနာ့ဝန်ထမ်း #ဆရာ၊ဆရာမ #ရိက္ခာထောက်ပံ့ #YFC

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10