PDF ကို စိန်ခေါ်ကာ ဆုကြေးထုတ်ထားတဲ့ ဖြူးနယ်က ရဲဒုတပ်ကြပ် ဘီယာသောက်နေချိန် သေနတ်နဲ့ပစ်သတ်ခံရ

PDF ကို စိန်ခေါ်ကာ ဆုကြေးထုတ်ထားတဲ့ ဖြူးနယ်က ရဲဒုတပ်ကြပ် ဘီယာသောက်နေချိန် သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ PDFကို စိန်ခေါ်ထားတဲ့  ရဲဒုတပ်ကြပ်ကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Phyu PDO) က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းက ရဲဒုတပ်ကြပ် လင်းလင်း ဖြစ်ပြီး ဇူလိုင် ၂၁ ရက် ဒီမနက် ၁၀ နာရီ‌‌ကျော်မှာ ညောင်ပင်သာမြို့တောင်ဘက် ရန်ကုန် - မန္တလေးလမ်းဟောင်ဘေးက စိမ်းနုဝေဘီယာဆိုင်မှာ  ဘီယာသောက်နေချိန် ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“လင်းလင်းက အရပ်ဝတ် ဝတ်ပြီး  နှစ်လုံး၊သုံးလုံးသမားတွေနဲ့ ဘီယာ‌သောက်နေချိန်မှာ သူ့ကို ရွေးပြီး သေနတ်နဲ့ ၆ ချက် ပစ်ခဲ့တာပါ။ ပွဲချင်းပြီးသေပါတယ်။ သူ့ကို ရှင်းလင်းဖို့ စီစဉ်နေတာကြာပါပြီ။ ခုမှ အဆင်ပြေသွားတယ်။”လို့ ဖြူးမြို့နယ် Phyu PDO က တာဝန်ခံ ရဲဘော်ဆရာလေးက မြေလတ်အသံကို ပြောပါတယ်။

ရဲဒုတပ်ကြပ် လင်းလင်းဟာ သူအပြင်ထွက်လာလို့  PDF တွေက လာပစ်ရင်လည်း အထဲကိုဝင်လာခဲ့ဖို့နဲ့ ကညွှတ်ကွင်းသားဖြစ်တယ်ဆိုကာ ကာကွယ်ရေးအဖွဲ့တွေကိုစိန်ခေါ်ထားတဲ့အပြင် PDF ကို ဖမ်းဆီးပေးသူနဲ့  PDF ကိုမြင်လို့ သတင်းပေးနိုင်သူကို ဆုငွေကျပ် ၂ သိန်းပေးမယ်ဆိုကာ ဆုကြေးထုတ် ကြေညာထားသူလည်းဖြစ်တယ်လို့  ဆိုပါတယ်။

လင်းလင်းကို တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေကို ရဲတပ်သား ၄ ဦးက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲဒုတပ်ကြပ် လင်းလင်းရဲ့အ‌လောင်းကို ကူညီကယ်ဆယ်ရေးအသင်းကားနဲ့  ညောင်ပင်သာဆေးရုံကို သယ်သွားပြီး အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အနီးဝန်းကျင်က လူငယ် ၂ ဦးကို စစ်အုပ်စုဘက်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကလည်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ KNLAနဲ့ ပူးပေါင်းကာ ဖြူးမြို့နယ်၊ ကျွဲနွယ်ဂုတ်ရွာ စစ်ကောင်စီတပ်အထိုင်စခန်းကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - သေနတ်နှင့် ပစ်သတ်ခံရသည့် ရဲဒုတပ်ကြပ်လင်းလင်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ဖြူး #ရဲဒုတပ်ကြပ် #ပစ်သတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10