PDF ကို စိန်ခေါ်တဲ့ ရဲတပ်ကြပ်ကြီးလင်မယား သေနတ်နဲ့ ပစ်သတ်ခံရ

PDF ကို စိန်ခေါ်တဲ့ ရဲတပ်ကြပ်ကြီးလင်မယား သေနတ်နဲ့ ပစ်သတ်ခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို စိန်ခေါ်ခဲ့တဲ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးနဲ့ ဇနီးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  မကွေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီး လှိုင်မြင့်နဲ့ ဇနီးဖြစ်သူ မမြင့်မြင့်ရီတို့ကို မကွေး-တောင်တွင်းလမ်းရဲ့ လမ်းခုလတ်တနေရာမှာ ဇွန် ၃၀ ရက် မနေ့ မွန်းလွဲ ၁ နာရီလောက်က သေနတ်နဲ့ ၆ ချက်ပစ်ကာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ရဲက အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းနေတာကို အရင်ပစ်ပြီး ဆိုင်ကယ်လဲကျမှ သူ့မိန်းမကို ထပ်ပစ်တာ နှစ်ဦးစလုံးပွဲချင်းပြီး သေသွားတာ။ ရဲမိန်းမရော သူတို့ သားသမီးကရော PDF ကို စိန်ခေါ်ကြတာလေ“ လို့ မကွေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုကံကြီးမောင်က ပြောပါတယ်။

အလောင်းတွေကို လူနာတင်ကားနဲ့ ဆတ်သွားဘက်ကို ပြန်သယ်သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရဲတပ်ကြပ်ကြီး လှိုင်မြင့်ဆိုသူဟာ သစ်ကား၊ ဝါးကား၊ ဝက်ကား၊ နွားကားတွေကို ဆက်ကြေးငွေ ကောက်ခံခြင်းအပြင် သူ့ရဲ့မိန်းမကလည်း နေ့ပြန်တိုး၊ လစဉ်တိုးလုပ်ငန်းတွေ လုပ်ဆောင်တာ၊ PDF ကို စိန်ခေါ်တာတွေကြောင့် ပစ်သတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

အဲဒီတိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊ Yenanthar Youth Force (ရေနံချောင်း) Taungdwingyi Fighter Force (LPDF) နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့(နတ်မောက်)တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေး ရဲဘော်တွေ  အန္တရာယ်ကင်းခဲ့တယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက် မနက်ကလည်း မကွေးပြောက်ကျားတပ်ဖွဲ့နဲ့  ပူးပေါင်းအဖွဲ့တွေဟာ တောင်တွင်ကြီးမြို့နယ်၊ ညာဂမိုးအုပ်စုအုပ်ချုပ်ရေးမှူး ကိုညွန့်ဝင်းနဲ့ ကျေးရွာအုပ်စုစာရေးမ မခင်ဌေးမြင့်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။  

ပုံစာ - ရဲတပ်ကြပ်ကြီးနှင့်ဇနီးအလောင်း။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #တောင်တွင်းကြီးမြို့နယ် #ရဲတပ်ဖွဲ့ #PDF #ရဲတပ်ကြပ်ကြီး #သေနတ် #မကွေးပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10